University of Wisdom Land

News & Events

ပညာဘူမိတက္ကသိုလ် သဘာပတိစံကျောင်းနှင့် အနုဂ္ဂဟအသင်းချုပ် အဆောက်အအုံ ကျောင်းလွှတ်ပူဇာ အခမ်းအနား တွင် တက္ကသိုလ်သဘာပတိဆရာတော်ဘုရား ဟောကြားခဲ့သည့်အနုမောဒနာနှင့်ဩဝါဒတရား

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တနင်္လာနေ့
အမှတ် (၁၀)၊အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့၊ ရန်ကုန်းတိုင်းဒေသကြီး၊ ၁၁၀၆၁၊
ရုံးခန်းဖွင့်ချိန်။ Monday To Friday (10:00 AM to 02:00PM)
Tel: +959788955566
Email:enquiries@universitywisdomland.edu.mm
www.universitywisdomland.edu.mm
🔸🔸
အနုမောဒနာဆိုတာ ဆောက်လုပ်လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဒီကောင်းမှုနဲ့ပတ်သက်ပြီးတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ပြောတဲ့စကားကို အနုမောဒနာ၊ အနုဆိုတာ လျော်ကန်စွာ မောဒနာ ဝမ်းမြောက်စေတယ် အဲ့တော့ လှူနေတဲ့အချိန်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့က အရေးကြီးတာပေါ့ နော် အဲ့ကြောင့်မို့ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ရမယ်။ စိတ်တွေ အားတတ်သရောရှိနေတာလည်း ဖြစ်ရမယ်။ အသိဉာဏ်နဲ့ယှဉ်ပြီးတော့ လုပ်တာလည်းဖြစ်ရမယ်။ ဝမ်းမြောက်ခြင်း အသိဉာဏ်နဲ့ယှဉ်ခြင်း စိတ်အားတက်ကြွခြင်းဆိုတဲ့ ဒီအရည်အချင်း ၃ ရပ်က ကုသိုလ်ထဲမှာတော့ ကာမာဝစရကုသိုလ်ထဲမှာတော့ အကောင်းဆုံး လို့ပြောရမှာ။ ဒီအချက် ၃ ချက်နဲ့အဘိဓမ္မာ မှာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်လို့ခေါ်တာပေါ့။

🔸သောမနဿသဟဂုတ်..ဆိုတာ ဝမ်းမြောက်မှုနဲ့ပတ်သက်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ် ဉာဏသမ္ပယုတ်ဆိုတာ အသိဉာဏ် ရှိနေတယ်။ အသင်္ခါရိက ဆိုတာ ဘယ်သူကမှ တွန်းအားပေးစရာမလိုဘဲ စိတ်အားတွေထက်သန်နေတယ်လို့ပြောတာ အဲ့ဒီအချက် ၃ ချက်နဲ့ အကျိုးပေးတဲ့ကုသိုလ်ဟာ အလွန်ထက်မြက်တဲ့ ကုသိုလ်ဖြစ်ပါတယ်။ အဲ့တော့ထက်မြက်သည့်ကုသိုလ်ဖြစ်သည့်အတွက်ကြောင့် ရလာတဲ့အကျိုးကလည်းပဲ အကောင်းမွန်ဆုံးအကျိုးရတယ်။ လူတိုင်းလူတိုင်းဟာ အကောင်းဆုံးကို‌ မျှော်လင့်ကြတာဖြစ်တယ်။အကောင်းဆုံးရဖို့အတွက် အကောင်းဆုံးကို လုပ်ကြရမှာဖြစ်တယ်ပေါ့နော်။ ဒါက ဒီကနေ့ အားလုံးစေတနာထက်ထက်သန်သန်နဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်မှာ တဖန်ပြန့်ပွားရေးဆောင်ရွက်မယ့် သဘာပတိစံကျောင်းနှင့်ပညာဘူမိတက္ကသိုလ် အနုဂ္ဂဟရုံးဆိုတဲ့ ဒီအဆောက်အအုံကြီးကို ဆောက်လုပ်လှူ ဒါန်းခြင်းအားဖြင့် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေ ပြန့်ပွားအောင်ဆောင်ရွက်ရာ၌ များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။ အဲ့ဒီများစွာ အထောက်အကူဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံးဆောက်လုပ်လှူဒါန်းကြတော့ နောင်တစ်ခေတ် သာသနာပြုလုပ်ငန်း အစစ်ဖြစ်တယ်ဆိုတာကိုလည်းပဲသိထားပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ သာသနာတော်အတွက် အထောက်အကူပြုတာ ဖြစ်ဖို့ သဘာပတိစံကျောင်း ဆိုတာ သဘာပတိဆိုတာ သဘာဆိုတာ ဗမာတွေမှ အသုံးနှစ်ခုရှိတယ်။ ဒီပုဂ္ဂိုလ်က သဘာရင့်တယ် ဒီပုဂ္ဂိုလ်က သဘာမရင့်ဘူး။ သမ္ဘာရဆိုတဲ့စကားလုံးက လာတယ် အမှန်အတိုင်း ပြောမယ်ဆိုရင် သမ္ဘာရဆိုတာ ကျောင်းအဆောက်အအုံ၊ အကြောင်းတရားတွေပြည့်စုံတာကို ဆိုလိုတယ်။အခု သဘာဆိုတာကျတော့ သဟ ဘာသန္တိ ဧတ္ထာတိ သဘာ အတူတကွဆွေးနွေး ပြောဆိုတဲ့နေရာဌာန သို့မဟုတ် အတူတကွတိုင်ပင်ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စ အဲ့ဒါကို သဘာလို့ ခေါ်တာ။ သ ဆိုတာ အတူတကွ ဘာ ဆိုတာ ပြောဆိုတာ၊ တစ်ဦးတစ်ယောက်တည်း လုပ်တာမဟုတ်ဘဲနဲ့အားလုံးပေါင်းစပ်ပြီးတော့ ပြောဆိုဆွေးနွေးလုပ်ကိုင်ကြတာကျတာကို သဘာလို့ခေါ်တယ်။ ပတိဆိုတာ အကြီးအကဲပေါ့၊ သဘာပတိဆိုတာ အဖွဲ့အစည်းတရပ်ရပ်ရဲ့ အကြီးအကဲကို သဘာပတိလို့ သုံးတယ်။

🔸အဲတော့ ပညာဘူမိတက္ကသိုလ် ပညာကိုဆောင်ရွက်တဲ့နေရာမှာလည်းပဲ ဦးဆောင်ရမယ့်ပုဂ္ဂိုလ်က ဦးဆောင်ရမယ် လုပ်ကိုင်ဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်တွေက လုပ်ကိုင်ဆောင်ရွက်ကြတယ်။ အစီအစဉ်အသီးသီးပေါ့နော် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ အဆင့်တွေက အင်မတန်မှအရေးကြီးတယ်ပေါ့။ တစ်ဦးတစ်ယောက်တည်းလုပ်လို့မရပါဘူး အားလုံးစုပေါင်း ညီညာပေါင်းစပ်ပြီးတော့ လုပ်ကြတာပဲဖြစ်တယ်။ အဲ့တော့ပေါင်းစပ်ပြီးတော့ လုပ်တဲ့အခါမှာ အဆင့်ဆင့်သွားဖို့ အဲ့ဒါကို ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတဲ့ ပညာဘူမိတက္ကသိုလ်။
အဲ့ဒီ ပညာဘူမိတက္ကသိုလ်ဆိုတာ ပညာဆိုတာ အားလုံးသိတဲ့အတိုင်း သဘာဝတရားအစစ်မှန်ကို ထိုးထွင်းသိတဲ့အသိဉာဏ်ကို ပညာလို့ခေါ်တာ။ ဒီနေရာမှာ ဆိုလိုတဲ့ပညာက ပညာအမျိုးမျိုးရှိတဲ့ထဲမယ် မြတ်စွာဘုရားသာသနာတော်နဲ့ဆက်စပ်ပြီးတော့ ဆည်းပူးအားထုတ်ရမယ့်အမြင့်ဆုံးပညာက ဝိပဿနာပညာပဲဖြစ်တယ်၊ မဂ်ပညာဆိုတာက နိဗာန်လို့ခေါ်တဲ့ result ကို ဖြစ်တယ်။ ဝိပဿနာတရားအားထုတ်မှ ဝိပဿနာပညာကနေပြီးတဆင့်ရတဲ့ ပညာမျိုးဖြစ်တယ်။မဂ်ပညာဆိုတာ အားထုတ်ယူရတာမဟုတ်ဘူးနော်။ဝိပဿနာတရားအားထုတ်ခြင်းဖြင့်ရလာတဲ့ရလဒ်၊အဆင့်မြင့်တာတော့ သူကပိုအဆင့်မြင့်တယ်။ ဝိပဿနာပညာထက်အဆင့်မြင့်တာ မဂ်ပညာ၊မဂ်ပညာရဲ့အကျိုးကြတော့ ဖိုလ်ပညာလို့ခေါ်တယ်။ အဲ့ထဲမယ် ဝိပဿနာပညာဟာ ကျင့်ကြံအားထုတ်ပြီး ရယူအပ်တဲ့ပညာထဲမှာတော့ အမြင့်ဆုံးပညာလို့ခေါ်တယ်။ အဲ့ဒီပညာက ဘာတွေကိုသိရမှာလဲ ပညာဆိုတာ သူ့ပညာရဲ့နယ်ပယ်ရှိတယ်။

⭐️လောကမှာဆိုရင် ဥပမာ အင်ဂျင်နီယာအတတ်ပညာ၊ဆေးကုသရေးအတတ်ပညာ၊သိပ္ပံအတတ်ပညာ သူ့နယ်ပယ်နဲ့သူရှိတယ်ပေါ့နော်။ အခုဒီနေရာမှာ ဘူမိဆိုတာ အဲ့ဒီနယ်ပယ်ပဲ ပညာဘူမိဆိုတာဟာ အသိပညာနဲ့ သိအောင်လုပ်ရမယ့်ပညာရပ်တွေကဘာတွေတုန်း ဘူမိလို့ခေါ်တာ ဘယ်ဟာကိုခေါ်တာလဲ နယ်ပယ်တွေပေါ့ ဝိပဿနာတရားအားထုတ်မယ်ဆိုရင် ခန္ဓာငါးပါးအကြောင်းသိရမယ်။ အာယတန (၁၂) ပါးအကြောင်း အကြောင်းသိရမယ်။ ဓာတ် (၁၈) ပါးအကြောင်းသိရမယ်၊ ဣန္ဒြေ ၂၂ပါးအကြောင်းသိရမယ်။ သစ္စာ ၄ ပါ အကြောင်းသိရမယ်။ ပဋိစ္စသမုပ္ပါဒ်. အကြောင်းသိရမယ် အဲ့ဒီသိစရာအကြောင်းအရာအချက်တွေကို ဘူမိလို့ခေါ်တယ် ပညာယဘူမိ၊ ဝိပဿနာပညာရဲ့နယ်ပယ် အဲ့ဒါတွေသိမှ ဝိပဿနာပညာဆိုတာ ဖြစ်နိုင်တယ်။လောကမှာလည်းပဲ သိပ္ပံပညာ၊ဝိဇ္ဇာပညာဆိုရင်လည်း သိပ္ပံနဲ့သိရမယ့် နယ်ပယ်တွေရှိတယ် ဝိဇ္ဇာမှာ နယ်ပယ်အလိုက် သိအောင်လုပ်ရမယ်။ သူ့နယ်ပယ်အလိုက် သိအောင်လုပ်ထားကြရတာ။

⭐️အဲ့တော့ ပညာဘူမိတက္ကသိုလ်ဆိုတာ မြတ်စွာဘုရားဟောထားတဲ့ထဲမယ် အမြင့်ဆုံးဖြစ်တဲ့ ဝိပဿနာ ပညာ အဲ့ဒီပညာဖြင့် မသင်မနေရသင်ရမယ့် လေ့လာရမယ့်အချက်တွေက ခုနပြောတဲ့ ဘူမိလို့ခေါ်တဲ့ ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ သစ္စာလေးပါး ပဋိစ္စသမုပ္ပါဒ် ဆိုတာ အဲ့ဒါတွေကို ရှင်းရှင်းလင်းလင်း နားလည်သိ ရှိလို့ရှိရင် ဝိပဿနာပညာရဲ့အရည်အချင်းဟာ သဝနပဋိဝေဓ သင်ထားပြီးသိတဲ့အနေနဲ့မှာတော့ သူက ထူးခြားတဲ့အနေထားတ စ်ခုရောက်တယ်။အဲ့ဒီကပဲ စရမှာ ။ အဲ့ဒီကစပြီးတော့ တွင်ကျယ်ပွားများ လို့ရလာတဲ့အခါကျတော့ ဘာဝနာပဋိဝေဓပညာ မဂ်ပညာထိအောင် ရောက်သွားတယ် အဲ့ဒီဟာကို ရည်ညွှန်းတာပဲဖြစ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်က အဲ့ဒီအသိပညာတွေကို ဘယ်နေရာမှာ ရလဲဆိုရင် မဟာဗောဓိပင်အောက်မှာရတာဖြစ်တယ်။

⭐️ဒါကြောင့်မို့ ဗောဓိပင်ကို သင်္ကေတထားပြီးတော့ ပညာဘူမိတက္ကသိုလ်အား ပညာရဲ့ဘူမိ University of Wisdom Land, wisdom ဆိုရဲ့ပညာရပ်ရဲ့တည်ရာဌာန သဘောမျိုးကို သရုပ်ဆောင်ဖော်ပြထားတာဖြစ်တယ်။ အဲ့တော့ သာသနာတော်နဲ့ဘယ်လိုဆက်စပ်သလဲဆိုတာ ဤပညာဘူမိလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက သူဟောပြောဆိုဆုံးမခဲ့တယ် အဆုံးအမတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်မှန်းချက်ရှိခဲ့သလဲ အဲ့ဒါတွေကို မဟာပရိနိဗ္ဗာနသုတ်မှာ လာတဲ့အတိုင်း အဲ့ဒီကနေပြီး အနှစ်ချုပ်ပြီးတော့ ထုတ်ပြမယ်။
⭐️မြတ်စွာဘုရား ကိုယ်တိုင်မျှော်မှန်းခဲ့တဲ့အချက် ၄ ချက်ရှိတယ်။ဒါက ခုခေတ်နဲ့ပြောမယ်ဆိုရင် up to date ဖြစ်တယ်ပေါ့ တကယ်ကို မှတ်သားစရာကောင်းတယ် ဘုရားကိုယ်တိုင်မိန့်ခဲ့တယ်ဆိုတာ စာပေထဲမှာ အကုန်မှတ်ထားတာရှိတယ်။အဲ့ဒါကို ကောက်နုတ်ချက်ချလိုက်လို့ရှိရင် အချက် ၄ချက် ရှိတယ်။မြတ်စွာဘုရားက ဘယ်ပုဂ္ဂိုလ်တွေအပေါ်မှ သာသနာနဲ့ပတ်သက်ပြီးတော့ မျှော်မှန်းချက်ရှိခဲ့သလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ ပရိတ်သတ်လေးပါးဆိုတာ ရှိတယ်။ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ ရှေးတုန်းက အခေါ်အဝေါ် ဘုရားလက်ထက်က အခေါ်အဝေါ်ပေါ့ အဲ့တော့ ဘိက္ခုဆိုတာ သာသနာအတွင်းမှာ ဝင်ရောက်ပြီးတော့ ပရိယတ္တိ ပဋိပတ္တိ တာဝန်တွေကို ဆောင်ရွက်တဲ့ အမျိုးသားရဟန်းတော်တွေ၊ ဘိက္ခုနီဆိုတာလည်း လူ့ရဲ့ လူမှုကိစ္စတွေကိုဖယ်ရှားပြီးတော့ သာသနာဘောင်ထဲဝင်ရောက်ပြီး ပရိယတ် ပဋိပတ်. အလုပ်ကို လုပ်ကြတဲ့ အမျိုးသမီး ဘိက္ခုနီတွေ ဒီနေ့ခေတ်တော့ သီလရှင်ဆိုပါတော့ အမျိုးသမီး ဘိက္ခုနီ၊ ဥပါသကဆိုတာ ဗုဒ္ဓကို ယုံကြည်ပြီးတော့ ဆည်းကပ်ကိုးကွယ်ကြတဲ့ အမျိုးသားဒကာတွေ ဥပါသိကာဆိုတာ အမျိုးသမီး ဒါယိကာမတွေ အဲ့တော့ ဘိက္ခု ဘိက္ခုနီ ဥပသကာ ဥပါသိကာ ဆိုတာ ဗုဒ္ဓရဲ့ ပရိသတ်လေးပါးလို့ခေါ်တာ၊ ပရိသတ်လေးပါးဆိုတာ ဗုဒ္ဓဘာသာထဲမှာ ဘုန်းကြီးတွေချည်းမဟုတ်ဘူး သံဃာတွေချည်းမဟုတ်ဘူး။ အမျိုးသား အမျိုးသမီးတွေရော အကုန်လုံးပါတယ် အဲ့ဒါကို သိစေချင်တာ သာသနာရဲ့တာဝန်ကို ဆောင်ရွက်တဲ့အခါမှာ ဘုန်းကြီးတွေနဲ့သာ ဆိုင်တာမဟုတ်ဘူး။

⭐️မြတ်စွာဘုရားရဲ့ မျှော်မှန်းချက်က ဒီလေးဦးလုံးကို တန်းတူထားခဲ့တာ၊ လေးဦးလုံးကို ရည်ညွှန်းခဲ့တာ ဒါကြောင့်မို့ စာပေတွေထဲမှာ အဋ္ဌကထာဆရာတွေက ဘာပြောတုန်းဆိုရင် စတုပရိသ သာဓာရဏ ဘဂဝတော ဓမ္မဒေသနာ လို့ သတ်မှတ်ထားတာ မြတ်စွာဘုရားဟောတဲ့ တရားတွေဟာ ပရိသတ်လေးပါးလုံးနဲ့ ပတ်သက်တယ် ဘုန်းကြီးတွေအတွက်ဟောတာမဟုတ်ဘူး အကုန်လုံးနဲ့သက်ဆိုင်တယ် ဆိုတဲ့ စကားရှိတယ်။

⭐️စတုပရိသ သာဓာရဏ ဘဂဝတော ဓမ္မဒေသနာ မြတ်စွာဘုရားကနေပြီးတော့ ဒါကြောင့်မလို့ ဗုဒ္ဓတရားတော်နဲ့ပတ်သက်ပြီးတော့ ဘုန်းကြီးတွေတင် သိလို့မရဘူး အားလုံးသိရမှာဖြစ်တယ်။ ဗုဒ္ဓကို ကိုးကွယ်ယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေအသီးသီးအကုန်လုံး အဲ့တော့ မြတ်စွာဘုရားရဲ့မျှော်မှန်းချက် ၄ ရပ် မျှော်မှန်းတာ ဘယ်သူတွေကို သာသနာရေးနဲ့ပတ်သတ်ပြီးတော့ မြတ်စွာဘုရားမျှော်မှန်းခဲ့တာ ဘယ်ပုဂ္ဂိုလ်တွေလဲဆို အခုပြောတဲ့ အစုလေးခု ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ အဲဒီ အစုလေးစု အဲ့တော့ အားလုံးပရိသတ်တွေအကုန်ပါတယ်။ အဲ့ဒီအစုလေးစု ဒီလေးစုလုံးပေါ်မှာတူညီတဲ့မြတ်စွာဘုရားရဲ့မျှော်မှန်းချက်။
ဘာဖြစ်စေချင်တာလဲ ဘုန်းကြီးတို့က အဲ့ဒီတိုင်းဖြစ်အောင်လုပ်နေတာ ဟုတ်ရဲ့လား ကိုယ့်ဟာကိုသိပြီးတော့ လုပ်နေတယ်ဆိုရင် ဘာတွေလုပ်ရမှာလဲ ဆိုတာကို သိရှိနားလည်ပြီး ခုဒီကနေ့ လှူကြတန်းကြတဲ့ ဒီအလှူဒါနပွဲဟာ သာမန်လှူရိုးလှူစဉ်မျိုးနဲ့ရည်ရွယ်ချက် စိတ်ဓာတ်ဦးတည်ချက်တရားဟာ မြတ်စွာဘုရားရဲ့ဦးတည်ချက်ကို မျှော်မှန်းပြီးတော့ထားဖို့လိုအပ်တာပေါ့နော်။

⭐️သာမန်ကျောင်းတစ်ကျောင်း ဆောက်လှူတယ်ဆိုတဲ့အဆင့်ထက် ကုသိုလ်ရဖို့ကျောင်းတစ်ကျောင်းဆောက်လှူတယ်ဆိုတဲ့အဆင့်ထက် မြတ်စွာဘုရားမျှော်မှန်းချက်ကိုပြည့်မှီအောင်ဆောင်ရွက်တယ်ဆိုတဲ့ဦးတည်ချက်ထားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဆန္ဒတွေ ဦးတည်ချက်တွေက ပိုပြီးတော့ မြင့်မားသွားတယ်။ အဲ့တော့မြတ်စွာဘုရား မဟာပရိနိဗ္ဗာနသုတ်မှာ မာရ်နတ်နဲ့ပတ်သတ်ပြီးတော့ ပြောခဲ့တဲ့စကား ၄ရပ်။ မာရ်နတ်ကြီးဟာ မြတ်စွာဘုရားရဲ့ဆန့်ကျင်ဘက်ဘုရားဖြစ်မှာစိုးတယ်၊ဘုရားဖြစ်လာပြန်တော့ တရားဟောမှာစိုးတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓရဲ့ဆုံးမတရားတော်ကို နာယူကြတဲ့အခါမှာ လူတွေဟာ ကိလေသာနဲ့ငြိမ်းပြီးတော့ လောကကြီးမှာ သူလိုချင်တဲ့အနေထားနဲ့မဖြစ်တော့ဘူး လောကကြီးမှာပျောက်ကွယ်သွားသလိုဖြစ်တယ်ပေါ့နော်။ အငြိမ်းဓာတ်ကိုရသွားတယ် ချုပ်ငြိမ်းသွားကြတယ်၊ အဲ့တာကို သူက မလိုလားဘူး ဘုရားမဖြစ်အောင် ပထမအဆင့် တားတယ်။ မရဘူး ဘုရားဖြစ်သွားတယ်၊ ဘုရားဖြစ်ပြီးရင် ဒုတိယအဆင့်အနေနဲ့ တရားမဟောဖို့တားတယ်၊ အဲ့ဒါလည်း မြတ်စွာဘုရားက ဟောတာ။အဲ့ဒီအဆင့်ဆင့် သူတားတဲ့အတွက် မြတ်စွာဘုရားက ပြန်ပြီးတော့ ဗုဒ္ဓသာသနာတော်နဲ့ပတ်သတ်လို့ ဘယ်လိုအမိန့်ရှိလဲဆိုရင် ငါ့ရဲ့တပည့်သာဝကဖြစ်တဲ့ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာမ လိုအပ်တဲ့အတိုင်းအတာတစ်ခု မလုပ်နိုင်မချင်း ပရိနိဗ္ဗာန်မစံဘူး။ ဆိုလိုတာက ငါအနားမယူဘူး။ အဲ့လိုလုပ်ဖို့ နံပါတ် ၁ အဲ့ဒီ ၄ရပ်ကို ဒါ အနှစ်ချုပ်ပေါ့နော် တစ်ခုစီခွဲပြောမယ်ဆိုရင် ပထမ သင်ယူခြင်းနှင့်ကျင့်သုံးလိုက်နာခြင်း၊ မြတ်စွာဘုရားဟောကြားတဲ့တရားကို သင်ယူရမယ် ပြီးရင် လိုက်နာကျင့်သုံးရမယ်။ သင်ယူခြင်းနှင့်လိုက်နာကျင့်သုံးခြင်း။

⭐️နောက်ဒုတိယအချက်ကတော့…ဟောပြောပို့ချပြန့်ပွားအောင်ဆောင်ရွက်ခြင်း ဟောပြောပို့ချပေးရမယ်။ မြတ်စွာဘုရားက ကိုယ်သင်ယူကျင့်သုံးနေတဲ့တရားကို တခြားသူတွေလည်းလိုက်နာကျင့်သုံးနိုင်အောင် အစဉ်ဟောပြောပို့ချပေးရမယ် ဒါက ဒုတိယအချက်။
တတိယအချက်က ဆန့်ကျင်ဘက်အတွေးအခေါ်တွေပေါ်လာလို့ရှိရင် ဖြေရှင်းဆုံးဖြတ်ပေးရမယ် မြတ်စွာဘုရားရဲ့အဆုံးမတော်နဲ့မကိုက်ညီတဲ့ ဆန့်ကျင်ခြင်းတွေပေါ်လာရင် ဖြေရှင်းဆုံးဖြတ်ဖို့ ဒါက တတိယအချက်။
စတုတ္ထအချက်က မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကို တည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ခြင်း။

⭐️အဲ့ဒီ (၄) ချက်က မြတ်စွာဘုရားရဲ့မျှော်မှန်းချက်အစစ်။ဒီ(၄)ချက် မပြည့်မချင်းငါပရိနိဗာန်မစံဘူးလို့ပြောခဲ့တာ။ အဲ့ဒါကို အသေးစိတ်ထပ်ပြောပြမယ်နော် သင်ယူခြင်း ကျင့်သုံးခြင်းဆိုတာနဲ့ပတ်သတ်ပြီးတော့ မြတ်စွာဘုရားက စကားလုံး ၈ ခုနဲ့ဖော်ပြထားတာ၊ ဒါကို တရားစကားလုံးလေးနဲ့ သိအောင် သာဝကဆိုတာ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ။ဘုရားဆီက သင်ယူကြတယ် လိုက်နာကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေ။သာဝက-ဆိုတာ ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ ၊ အဲ့ဒီသာဝကတွေဟာ ဝိယတ္တာ-တရားသဘောနဲ့ပတ်သတ်ပြီး ကျွမ်းကျင်မှုရှိရမယ်။ နားလည်ရမယ် သဘောပေါက်ရမယ်။ ဝိနီတာ- ကောင်းကောင်း လေ့ကျင့်ခံယူထားတာဖြစ်ရမယ် ခုခေတ်လိုဆို training ပေးထားတာပေါ့ ကျွမ်းကျင်လိမ္မာအောင် training ယူထားရမယ် ဝိသာရဒ ရဲဝံ့ရမယ် ကိုယ်သိတာနဲ့ပတ်သတ်ပြီး ရဲရဲဝံဝံပြောရဲရမယ်။ကိုယ်ကမှ မရှင်းမရှင်းဖြစ်နေလို့ရှိရင် ရဲရဲဝံဝံမပြောရဲဘူး ကိုယ်သိတဲ့အချက်နဲ့ပတ်သတ်ပြီး သံသယကင်းကင်းနဲ့ပြောရဲတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ဗဟုဿုတ- မြတ်စွာဘုရားဟောထားတဲ့တရားတွေကို အများကြီး သင်ယူထားတာ ဖြစ်ရမယ်။ဓမ္မဓရ-ဟောထားတဲ့စကားလုံးတွေ တရားတွေကို နှုတ်နဲ့ဆောင်ထားတယ် သို့မဟုတ် ဉာဏ်နဲ့ နှလုံးထဲမှာ မှတ်သားထာတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါက သိမှုနဲ့ပတ်သတ်တဲ့ ကျင့်သုံးမှုနဲ့ပတ်သတ်ပြီးတော့ ဓမ္မာနုဓမ္မပဋိပန္န။ ဓမ္မဆိုတာ မဂ်၄ ပါး ဖိုလ်၄ပါး နိဗ္ဗာန် ကျင့်ဖို့ ဓမ္မလို့ ခေါ်တာ။
အဲ့ဒီ မဂ်၄ ပါး ဖိုလ်၄ပါး နိဗ္ဗာန် ဆိုတာကိုရောက်ဖို့ ဘာလုပ်ရမလဲ အနုဓမ္မပဋိပန္န၊၊ သီလ သမာဓိ ပညာလို့ခေါ်တဲ့ သိက္ခာ ၃ မျိုး သို့မဟုတ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်တာ အဲ့ဒါက အနုဓမ္မ။ အနုဓမ္မ ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် ဒါတော့လက်တွေ့ကျင့်သုံးဖို့။ သာမိစိပဋိပန္န- သူတို့နဲ့အလုပ်ဟာ တကယ်ကို အကျိုးပြုတဲ့ အကျင့်ပဲဖြစ်ရမယ်။အနုဓမ္မစာရိနော- တကယ့်ကို လိုက်လျောညီထွေတဲ့အကျင့်ကို ကျင့်သုံးသူဖြစ်ရမယ်။ဆိုလိုတာက သင်ယူခြင်းနဲ့ပတ်သတ်ပြီးတော့ မြတ်စွာဘုရားက စကားလုံး ၅ ခုနဲ့ပြောထားပြီးတော့ လိုက်နာကျင့်သုံးမှုနဲ့ပတ်သတ်ပြီးတော့ စကားလုံး ၃ လုံးနဲံ့ဆုံးမထားတယ်။

⭐️ဒါက နံပါတ် ၁ မြတ်စွာဘုရားရဲ့ ရည်မှန်းချက်။ဒီအဆင့်ကိုရောက်အောင် လုပ်ကြပါလို့ ဆိုလိုတယ်ပေါ့။ အဲ့တော့ အဲ့ဒီအဆင့်က ခုခေတ်လိုပြောမယ်ဆိုရင် generation to generation အဆက်ဆက်လုပ်သွားရမှာ။ မပျက်မကွက်လုပ်သွားရမှာ။ လူဆိုတာ ထာဝရမဟုတ်သည့်အတွက်ကြောင့် မျိုးဆက်တွေက ဆက်ဆက်ပြီးတော့ ကျင့်သုံးရမှာ။ ဒီမျိုးဆက်ကျင့်သုံးသွားသလို နောက်မျိုးဆက်တွေကလည်း ဆက်လက်ကျင့်သုံးသွားရမှာ အခုလိုတရားနဲ့ပတ်သတ်ပြီးတော့ သင်ယူခြင်း ကျင့်သုံးခြင်း ပြည့်ပြည့်ဝဝဖြစ်ဖို့ မြတ်စွာဘုရားက မျှော်မှန်းတာဖြစ်တယ်။

⭐️နောက် ဒုတိယအချက်က ဟောပြောပို့ချ ပေးနိုင်ရမယ်ဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ သကံ အာစရိယကံ ဥဂ္ဂဟေတွာ။ သကံ အာစရိယကံ ဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးမအယူဝါဒ အဲ့ဒါကို ဥဂ္ဂဟေတွာ- ကျကျနန သင်ယူရမယ် သင်ယူပြီးတဲ့အခါမှာ အာစိက္ခိဿန္တိ- ရှင်းပြတတ်ရမယ် ပြောပြတတ်ရမယ် အကျယ်တဝင့်ဖွင့်ဆိုပြီးတော့ နားလည်အောင် ပြောတတ်ရမယ်ဆိုပြီးတော့ အာစိက္ခိဿန္တိ- ပြောကြားမယ်၊ ဒေသေဿန္တိ- နားလည်အောင်ပြောပြမယ်၊ ပညပေဿန္တိ- သိစေအာင်ပြောပြမယ်၊ ပဋ္ဌပေဿန္တိ- ရင်ထဲနှလုံးထဲရောက်‌အောင် ပြောပြမယ်၊ ဝိဝရိဿန္တိ- မရှင်းတာတွေရှင်းအောင်ပြောပြမယ်၊ ဝိဘဇိဿန္တိ- ခွဲခြားဝေဖန်ရှင်းပြမယ်၊ ဥတ္တာနီ ကရိဿန္တိ- လုံးဝပေါ်လွင်ထင်ရှားအောင် အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြမယ်။ အဲ့တော့ မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာ ရှင်းနေမှ၊ ရှင်းမရှင်းမရှိဘဲနဲ့ အားလုံးဟာ နှစ်နှစ်ခြိုက်ခြိုက်နားလည်သဘောက်ပေါက်အောင် ရှိသွားမယ်။

⭐️ပထမအချက်က သင်ပါ ကျင့်ပါ။ ဒုတိယအချက်က တစ်ဆင့်ဟောပေးပါ Next Generation အတွက်နော်။ Generation အတွက် တဆင့်ခံပေါ့။အဲ့တော့ မြတ်စွာဘုရားက ရည်မှန်းချက်က ရေရှည်တည်တံ့ဖို့နဲ့ လက်ရှိကောင်းဖို့အတွက်ဖြစ်တာ။ အဲ့ဒီ ၂ ချက်ပြီးတော့ တတိယအချက်ကျတော့ ဥပ္ပန္နံ ပရပ္ပဝါဒံ၊ ပရပ္ပဝါဒံ-ဆိုတာ ဆန့်ကျင်ဘက်ပြောဆိုလာတဲ့ပုဂ္ဂိုလ်တွေရဲ့အယူဝါဒ ဒါလောကမှာ ဆန့်ကျင့်တဲ့ပုဂ္ဂိုလ်တွေဆိုတာ ရှိတယ်။ လက်ခံတဲ့ပုဂ္ဂိုလ်ရှိတယ် လက်မခံတဲ့ပုဂ္ဂိုလ်ရှိတယ်။ ဆန့်ကျင်ပြီးတော့ ထိုးနှက်တာလည်း ပရပ္ပဝါဒံ၊ ဆိုပါစို့ မြတ်စွာဘုရားက ဝိမုတ္တစိတ္တ- ကိလေသာက လွတ်သွားတဲ့ စိတ်ရှိတဲ့ရဟန္တာပုဂ္ဂိုလ်ဟာ ငြိမ်းသွားတယ် သံသရာထဲမှာမရှိတော့ ငြိမ်းသွားတယ်လို့ပြောတဲ့အခါကျတော့ မြတ်စွာဘုရားရဲ့အယူဝါဒနဲ့ ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေက ဘာပြောတုန်းဆိုတော့ ရဟန်းဂေါတမရဲ့ဝါဒက သတ္တဝိနာသက- သတ္တဝါတွေကို ဖျောက်ဖျက်ပစ်တယ်၊ ရဟန္တာဖြစ်ပြီးတော့ ငြိမ်းသွားတယ်ဆိုတာဟာ သတ္တဝါတွေလည်းမရှိတော့ သတ္တဝါတွေကို ဖျောက်ဖျက်ပစ်တဲ့ ဝါဒကြီးပဲဆိုပြီးတော့ စွပ်စွဲတယ်။အဲ့ဒီမှာ မြတ်စွာဘုရားက ဘာနဲ့တုန့်ပြန်လဲဆိုတော့ ငါကသတ္တဝါရှိတယ်လို့ အစတည်းက မဟောဘူးတဲ့ ရှိတာက ဒုက္ခနဲ့ ဒုက္ခနိရောဓ ဒီနှစ် ခုပဲရှိတယ်လို့ဟောတာ။ သတ္တဝါဆိုတာက ရှိတယ်လို့ မဟောဘူး သူတို့ဘာသာ ရှိတယ်လို့ထင်နေတာသာဖြစ်တယ်။ အလဂဒ္ဒူပမ သုတ်မှာ ရှင်းထားပါတယ်။ အဲ့တာမျိုးတွေနဲ့ပတ်သတ်လာပြီးတော့ ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဝါဒကိုဆန့်ကျင်တဲ့ မြတ်စွာဘုရားရဲ့အယူအဆရဲ့ ဆန့်ကျင်ဘက်ဝါဒတွေ ပေါ်လာ လို့ရှိရင်တဲ့ သုနိဂ္ဂဟိတံ နိဂ္ဂဟိတွာ ပုဂ္ဂိုလ်ကို နှိမ်နင်းတာမဟုတ်ဘူး သူရင်ထဲရှိနေတဲ့ အမှားတွေ ပျောက်အောင်လုပ်ပေးရမယ်၊ သူရင်ထဲမှာ မရှင်းမလင်းဖြစ်နေတာတွေကို ရှင်းသွားအောင် သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသေဿန္တိ- ဖြေရှင်းချက်ကောင်းကောင်းနဲ့ ဖြေရှင်းချက်ပေးနိုင်တဲ့တရားမျိုးကို ဟောပြောရမှာ ဒါက မြတ်စွာဘုရားရဲ့အဆုံးအမကို ကာကွယ်စောင့်ရှောက်ခြင်း။

⭐️နောက် စတုတ္ထအချက်က ဘာတုန်းဆိုရင် ဣဒံ ဗြဟ္မစရိယံ ဣဒ္ဓဉ္စေဝ ဖီတဉ္စ ဝိတ္တာရိကံ ဗာဟုဇညံ ပုထုဘူတံ ယာဝဒေဝ မနုဿေဟိ သုပ္ပကာသိတံ- မြတ်စွာဘုရားသုံးတဲ့ စကားလုံးကို အရင်ပြောပြမယ်။ ဣဒံ ဗြဟ္မစရိယံ- ဆိုတာ မြတ်စွာဘုရားရဲ့အဓိကက မဇ္ဈိမ ပဋိပဒါ လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး၊ အဲ့ဒီ မဂ္ဂင်ရှစ်ပါးအကျင့်တရားလို့ဆိုတဲ့ ဗြဟ္မစရိယ သာသနာတော်ကြီးဟာ ဣဒ္ဓ ဖီတ – ဆိုတာ ပြီးပြည့်စုံတဲ့ အကျင့်နဲ့ ပုဂ္ဂိုလ်တွေအများကြီးဖြစ်လာတယ် ကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေများသထက်များလာတယ်၊ ဝိတ္တာရိက တွေက ကမ္ဘာအနှံ့ကျယ်ပြန့်လာတယ်၊ဗာဟုဇည- လူတိုင်းသိသွားတယ်၊ပုထုဘူတ-သိတဲ့အတိုင်း ပိုပြီးတော့ တိုးတက်တိုးပွားလာတယ် ။ယာဝဒေဝ မနုဿေဟိ သုပ္ပကာသိတ- လူလောက နတ်လောက လူလောကကြီးထဲမှာ မြတ်စွာဘုရားရဲ့အကျင့်တရားဟာ ပြန့်ပွားပြီး လူတိုင်းသိတဲ့ အနေအထားမျိုး ရောက်အောင် ဒါက အနှစ်ချုပ်လိုက်တော့ အဆုံးအမ သာသနာတည်တံ့ပြန့်ပွားအော င်ဆောင်ရွက်တာလို့ဆိုတယ်။ အခု ဘုန်းကြီးတို့ ကုသိုလ်ရှင်များဆောက်လုပ်လှူဒါန်းတဲ့ ပညာဘူမိတက္ကသိုလ် သဘာပတိစံကျောင်းနဲ့အနုဂ္ဂဟအသင်း ဒီနေရာကို အခြေပြုပြီးတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေ ပြည့်ဝအောင်ဆက်လက်ပြီးတော့ ဒါကတစ်ခေတ်တည်းနဲ့လည်းမပြီးဘူး Generation to Generation အဆက်ဆက်ဆောင်ရွက်သွားဖို့လိုအပ်တာ။အဲ့တော့ ကိုယ့်လက်ထက်ရောက်လာရင် ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ အဲ့သလို လက်ဆင့်ကမ်းဆောင်ရွက်သွားဖို့ ဒီမျှော်မှန်းချက် ၄ ရပ်ကို မြတ်စွာဘုရာ းကိုယ်တိုင်က သာသနာရေးနဲ့ပတ်သတ်ပြီး မျှော်မှန်းချက် ရှိခဲ့တယ်။ ဗုဒ္ဓရဲ့ objective ပေါ့နော်။

⭐️အဲ့ဒီ ၄ ခုတိုင် အခုလိုဆောက်လုပ်လှူဒါန်းကြတယ်ဆိုတာ တို့တတွေဟာ ဓမ္မကိုအကျိုးပြုပြီး‌တော့ လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ ဓမ္မရောက်ပြီးတော့ ငြိမ်းချမ်းပါစေ၊ အားလုံးငြိမ်းချမ်းကြပါစေ၊ ကိလေသာဆိုတဲ့ အဆိုးတရားတွေ ရင်ထဲမှာ မရှိကြပါစေနဲ့။ ကိလေသာဆိုတဲ့အဆိုးတရားတွေ ရင်ထဲမှာမရှိကြပါစေနဲ့ ဒါမှစိတ်နှလုံးအေးချမ်းမှာဖြစ်တယ် ကိလေသာဆိုတာ ပူဆညစ်နောက် နော်။ ပူတယ် စိတ်တွေညစ်နွမ်းတယ် အဲ့ဒါ ကိလေသာရဲ့အကျိုးဆက်တွေပဲ လောကကြီးမှာ ဒုက္ခပေးနေတာ ကိလေသာတွေသာဖြစ်တယ်။ ရင်ထဲမှာဖြစ်နေတဲ့ ကိလေသာတွေ အဲ့ဒီကိလေသာတွေဖြစ်တာကို အကြောင်းပြုပြီး လူကိုဒုက္ခပေးတယ်လို့ လူတွေက ဒုက္ခပေးတာမဟုတ်ဘူး ရင်ထဲမှာဖြစ်နေတဲ့ လောဘ၊ဒေါသ၊မောဟ ကိလေသာတွေက ဒုက္ခပေးနေတာ အဲဒီဒုက္ခပေးနေတဲ့လူတိုင်းလူတိုင်းကို ဒုက္ခပေးနေတဲ့ ရင်ထဲမှာဖြစ်ပေါ်တတ်တဲ့ ကိလေသာတရားတွေကို မြတ်စွာဘုရားရဲ့ဆုံးမတရားဆိုတဲ့ ရေအေးနဲ့ငြှိမ်းနိုင်အောင် ကြိုးစား အားထုတ်ကြရမှာဖြစ်တယ်။ အဲ့ဒီနည်းမှတပါး အခြားနည်းမရှိဘူး။ဒါကြောင့် မြတ်စွာဘုရားရဲ့ မျှော်မှန်းချက်ကို တို့တွေက ဖြည့်ဆည်းပေးကြတာဖြစ်တယ် ကိုယ်ကိုယ်တိုင်ပဲ ဗုဒ္ဓအဆုံးအမတွေသိအောင် သင်ယူတယ် လိုက်နာကျင့်သုံးတယ်။

⭐️နံပါတ်၁ မြတ်စွာဘုရားရဲ့အဆုံးမတရားတွေကို သင်ယူပြီးတော့ တဆင့်ဟောပြောပေးတယ်။ နံပါတ် ၂ ဖြစ်ပေါ်လာတဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေကို မြတ်စွာဘုရားအဆုံးအမနဲ့ညီအောင် ပြန်လည်ပြီးတော့ ပြုပြင်ပေးတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးသိရှိနားလည်ပြီးတော့ စိတ်နှလုံးတွေအေးချမ်းသွားကြပါစေဆိုတဲ့ အဲ့ဒီရည်ရွယ်ချက်နဲ့တရားကို လှူတာဖြစ်တယ် ဘယ်ပုဂ္ဂိုလ်ကို လှူတာမှ မဟုတ်ဘူး ဗုဒ္ဓမြတ်စွာရဲ့တရား ဓမ္မအဆုံးအမကို ဆောင်ရွက်ဖို့အနေနဲ့လှူတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲ့ဒီအလှူဟာ ဒီထက်မြတ်တဲ့ အလှူမရှိတော့ဘူးပေါ့ ဒါကြောင့်မို့ ရေစက်ချတဲ့အခါမှာ မြတ်စွာဘုရားရဲ့ objective မျှော်မှန်းချက်ကို တို့တွေ ဖြည့်ဆည်းအောင်မြင်အောင်လုပ်တယ်လို့ စိတ်ထဲက နှလုံးထားပြီးတော့ ကုသိုလ်တရားဖြစ်ပွားအောင် အစဉ်ထာဝရ မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

Transcribed By Ma Chit (Daw Khin Ma Ma), Ko Shane Thu Aung, Ma Soe Yadanar Phyo, Ko Aung Ye Yint, Ma See Sar

Related News