ယခုအခါ ဖွင့်လှစ်ပြီးဖြစ်သည့် ပညာဘူမိတက္ကသိုလ်၏ မူလဘူတ အခြေခံ မှတ်တမ်းစာမျက်နှာလေးတစ်ခုဟု ဆိုနိုင်လောက်သည့် ပုံရိပ်လေးတစ်ခုကို ဆရာတော်ကြီး၏ (၈၀)ပြည့်မွေးနေ့အတွက် လိုအပ်ရာရာ မှတ်တမ်းများ ရှာဖွေရင်းဖြင့် မှတ်မှတ်ထင်ထင် မြတ်နိုးဖွယ်ရာ စာမျက်နှာလေးတစ်ခုအဖြစ် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဒီမှတ်တမ်းလက်ရေးလေးမှာပါတဲ့ သက္ကရာဇ်အရ ဆရာတော်ကြီး ရဟန်းဝါ(၅)ဝါအရ သက်တော်(၂၅)နှစ်အရွယ်က ရေးခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က နောင်တော်အရင်း (၅)ပါးနဲ့အတူ ကိုယ်တိုင်ပါဝင် တည်ထောင် အုပ်ချုပ် သင်ကြားပေးနေသည့် စစ်ကိုင်းမြို့ရှိ မဟာသုဗောဓာရုံကျောင်းတိုင်ကြီးကိုပင် ပဓာနပြုကာ တက္ကသိုလ်ပညာရေးကို စိတ်ကူးဖြင့် ပုံဖော်ကာ ရေးခဲ့ဟန်ရှိပေမည်။
မဟာသုဗောဓာရာမ ဓမ္မဝိနယကောလိပ် (ဓမ္မဝိနယတက္ကသိုလ်)ဟု ရေးသားထားပြီး
ဘွဲ့ကိုလည်း
အရှင်နန္ဒမာလာဘိဝံသ (သ.စ.အ)
ဓမ္မာစရိယ ၊ ပါဠိပါရဂူ
တက္ကသိုလ် ကထိက ဟု မှတ်တမ်းပြုထားသည်။
ထိုစဉ်ထဲက တက္ကသိုလ်ပညာရေးကို စိတ်ဝင်တစားရှိခဲ့ပြီး တက္ကသိုလ်ပညာရေးမျိုးစေ့ကို နှလုံးသားဝယ် စိုက်ပျိုးခဲ့ဟန် ရှိလေသည်။
သက္ကရာဇ်ရက်စွဲကိုကြည့်လျှင်လည်း ပါဠိမြတ်နိုးမှု စိတ်ဝင်စားမှုရှိခဲ့ပုံကို ခန့်မှန်းပူဇော်နိုင်ပေသည်။
သာသနာလင်္ကာရသာမဏေကျော်လောင်းလျာများအတွက် မေးခွန်းနှင့်အဖြေကို ဗလာစာအုပ်ဖြင့် ရေးကူးပြီး အဖွင့်စာမျက်နှာမှာ ယင်းကဲ့သို့ ရေးထားသည့် မှတ်တမ်းလေးက သာမန်ကြည့်ရင်လည်း သာမန်ပဲဟု ယူဆနိုင်သော်လည်း
မိမိအဖို့တော့ အလွန်မြတ်နိုး တန်ဖိုးထားဖွယ်ရာဟု အာရုံပြုမိခဲ့သည်။
ဓမ္မဝိနယတက္ကသိုလ် <> ပညာဘူမိတက္ကသိုလ်
အမြန်လမ်း ၇မိုင်၆ဖာလုံတွင် တည်ရှိသည့် ဓမ္မဝိနယစင်တာ ကိုပင် တည်ထောင်ပြီးနောက်ပိုင်း ဓမ္မဝိနယတက္ကသိုလ်ဟု အမည်ပြုပြောင်းလဲမည်ပြုသေးသည်၊ အနီးအနားတွက်ပင် ယင်းအမည်ဖြင့် ပေါ်ပေါက်လာခဲ့လေရာ ယခု တက္ကသိုလ်ကို ပညာဘူမိတက္ကသိုလ်ဟု အမည်ပေးခဲ့ခြင်းကို မိန့်ကြားခဲ့ဖူးသည်။
စာသင်သားတွေအတွက်ကတော့ စာသင်တိုက်တွေရော ထိုထိုဤဤ ကျမ်းစာအုပ်တွေရော ပြည့်နှက်နေတာမို့ ဒို့ လုပ်စရာမလိုတော့ဘူး၊ လူပုဂ္ဂိုလ်တွေအတွက် ရင်ထဲမှာ ဘုရားဟောတရားတွေ ကိန်းဝပ်ပြီး သိရှိအောင်ပဲ လုပ်ရမယ် ဟုလည်း မကြာမကြာ အမိန့်ရှိသည့်အားလျော်စွာ
၂၀၀၃- ခု ခန့်လောက်မှာ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်တွင် Center For Buddhist Studies (C B S) အမည်ဖြင့် နိုင်ငံခြားသားများကို နှစ်စဉ် နိုဝင်ဘာလတိုင်း အဘိဓမ္မာဆိုင်ရာများ ပို့ချပေးခဲ့သည်။
ထိုမှနောက် ၂၀၁၂-ခုမှာ ဓမ္မသဟာယကျောင်းတိုက် တည်ထောင်ဖွင့်လှစ်ပြီး ၂၀၁၃-ခုနှစ်မှစတင်ကာ Institute of Dhamma Education (IDE) အမည်ဖြင့် ပြည်တွင်းမှ ဓမ္မလိုလားသူများကို အဘိဓမ္မာ ဝိသုဒ္ဓိမဂ်စသည်အားဖြင့် ဓမ္မသင်တန်းများကို နှစ်စဉ်ဝါတွင်းကာလတိုင်း ပို့ချပေးခဲ့လေသည်။
ဆရာတော်ကြီး၏ အကြီးမားဆုံးနှင့် အမြဲမြန်ဆုံး ရည်ရွယ်ချက် မျှော်လင့်ချက်မှာ..
လူပုဂ္ဂိုလ် ဘုရားဟောစာပေအသိဉာဏ်များ သိရှိလိုက်နာ ကျင့်သုံးရေးပင်ဖြစ်သည်ဟု မိမိအနေဖြင့် ခိုင်မာစွာ ပြောကြားနိုင်သည်၊ အားလုံးလည်း ယခုလိုပင် လက်ခံသိရှိပြီးဖြစ်ကြမည်ပင်။ တရားပဲဟောဟော
သင်တန်းပဲ ပို့ချချ
ဩဝါဒပဲ မိန့်မိန့်
အဖူးမြော်ခံရင်းပဲ ပြောပြော
ဘုရားဟော ပိဋကတ်လာ စာပေအသိများ သိရှိစေချင်သည်မှာ ထင်ရှားသည်။
ငယ်စဉ်မှစ၍ ယနေ့ သက်တော် (၈၃)နှစ်တိုင်အောင်အထိ အမြဲကြည့်ဖြစ်သော စာပေမှာ ဘုရားဟော ပါဠိတော်နှင့် အဋ္ဌကထာကျမ်းစာများပင် ဖြစ်လေသည်။
၂၅-နှစ်က ပုံဖော်ခဲ့သည့် တက္ကသိုလ် ပညာရေးမျိုးစေ့ကို သက်တော် (၄၀)ကျော်မှပင် နိုင်ငံခြားပညာသင်ရင်း တက္ကသိုလ်ကျောင်းသားဘဝ ပြန်လည်စတင်ခဲ့သည်။
ယခုရက်ပိုင်း ဆရာတော်တစ်ပါးရေးသားသည့် post အတိုင်းပင်
ဆရာတော်ကြီးက သက်တော် (၄၀)ကျော်တွင် MA ဘွဲ့ကို ရရှိခဲ့သည်။
သက်တော် (၆၀)ကျော်တွင် Ph.D ဘွဲ့ ကို ရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်တွင် ဧည့်ပါမောက္ခ၊ ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၂၀၁၂ မှစ၍ ဓမ္မသဟာယအပါအဝင် စင်တာကြီးများ ကျောင်းတိုက်ကြီးများ တည်ထောင်ဖွင့်လှစ်သည်။
ယခုအခါ
ပင်မကျောင်းတိုက်ကြီးနှင့်
ဩဝါဒခံ ကျောင်းတိုက် ၃-တိုက်
တိုက်ခွဲကျောင်းတိုက် ၉-တိုက်အထိ ရှိလာပြီး
တပည့်သံဃာပေါင်း ၁-ထောင်ကျော်အထိ ရှိလာခဲ့ပါပြီ။
ကျောင်းအဆောက်ဦများဖြင့်သာ အချိန်ကုန်စေသည်မဟုတ်ဘဲ မူလပညာရေးလမ်းကြောင်းအပေါ်ဝယ် ယနေ့အထိ ကိုယ်တိုင်လည်း လျှောက်လှမ်းနေသလို တပည့်များကိုလည်း အမြဲတစေ သတိပေးလျက်ပင် ရှိနေပါသည်။
သက်တော်နုနယ်စဉ်က ပျိုးခဲ့သည့် ပညာရေးမျိုးစေ့မှသည် အကိုင်း အခက် အလက် အပွင့် အသီးတို့ဖြင့် ဝေဝေဆာဆာ ပွင့်လန်းကာ
နိုင်ငံနှင့်သာသနာကို အကျိုးပြုရုံမက အလှပေါ်အယဉ်ဆင့်၍ တင့်တင့်တယ်တယ် ရပ်တည်တော်မူသည်ကို မျက်ဝါးထင်ထင် တွေ့မြင် ကြည်ညိုနေကြသည်ကား စာရှုသူတို့ အသိပင် ဖြစ်ပေသည်။
ဤမှတ်တမ်းလေးဖြင့် မြတ်ဆရာအား မြတ်နိုးကော်ရော ပူဇော်ကန်တော့ပါသည်ဘုရား…
ဆရာတော်….
သက်တော် ရာကျော် ရှည်ပါစေ…
မှတ်တမ်းတင်-
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ
ပြင်ဦးလွင်မြို့
13-1-2023
၈၄-ခု ပြာကျော်(၈) သောကြာနေ့