?ပညာဘူမိဆိုသည်မှာ ပညာရဲ့ ဖြစ်ပေါ်ရာနေရာ ပညာရဲ့ဖြစ်ပေါ်ရာဌာန ကို ပညာဘူမိ ဟုခေါ်တွင်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အသိပညာများ ဖြစ်ပေါ်ခဲ့သော နေရာသည် ဗောဓိပင် ညောင်ပင်အောက်တွင် တရားဓမ္မ ကျင့်ကြံပြီး ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်း ဖြစ်သည်။
?ထိုဗောဓိပင်ကို အမှတ်အသားပြု၍ ဤနေရာမှာလည်းပဲ ဗုဒ္ဓမြတ်စွာဘုရားထံက ရရှိတဲ့ ဩဝါဒတွေကို အခြေခံ ပြီးတော့ ဓမ္မအသိပညာတွေရရှိဖို့ ဒီတက္ကသိုလ်နေရာက နေ အဓိက ဖြန့်ဖြူးမယ်လို့ ရည်ရွယ်ပြီးတော့ ပညာဘူမိဟု အမည်ပေးထားခြင်း ဖြစ်သည်။
မြတ်စွာဘုရားဟောကြားခဲ့သည့် ပိဋကတ် သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ မြန်မာနိုင်ငံမှာ အထင်အရှားရှိနေရုံသာမက ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျမ်းပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြည် မှာ အများအပြားရှိနေသည်မှာ ထင်ရှားသည်။
?ဘာသာစကားအနေဖြင့်လည်း ပါဠိဘာသာဆိုသည်မှာ မြင့်မြတ်တဲ့ ဘာသာစကားများကို ခေါ်ဆိုခြင်းဖြစ်သည်။
မြတ်စွာဘုရား ဟောကြားသည့် တရားတော်များကို ပါဠိဟုခေါ်ဆိုခြင်းလည်း ဖြစ်သည်။ နောက်ပိုင်း ခေတ်ကာလများတွင် မြတ်စွာဘုရားဟောကြားသည့် ဘာသာကိုပင် ပါဠိဘာသာဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
?ပါဠိဘာသာ (သို့) မြင့်မြတ်တဲ့ စကားတော်တွေ မြန်မာနိုင်ငံမှာ ရှင်သန်နေအောင်၊ အမြဲတမ်းဖွံ့ဖြိုး တိုးတက်နေအောင်၊ လူတွေရဲ့ ရင်ထဲနှလုံးထဲမှာ ရောက်ရှိနေအောင်၊ တတ်နိုင်သမျှ ဤနေရာ ဤဌာန ကို အသုံးချဖို့ အဓိက ရည်မှန်းထားရှိသည်။ သို့ပါသောကြောင့် ဤနေရာကို ပညာဘူမိ ဖြစ်စေရန် ရည်မှန်းသည်။