ပညာဘူမိတက္ကသိုလ် ကျမ်းပြုဆရာတော် (၅)ပါးရေးသား ပြုစုတည်းဖြတ်နေသည့် ကျမ်းစာများအနက် ပထမဦးစွာ ပြီးစီးမည့် ရှိမ္မကားဆရာတော် ဒေါက်တာအရှင်သိရိန္ဒ၏ ပရမတ္ထဝိသောဓနီဋကာသစ်ပါဌ် (ဒုတိယအကြိမ်) ကျမ်းစာအုပ် တက္ကသိုလ် သဘာပတိဆရာတော်ကြီးထံဆပ်ကပ်ခြင်း နှင့် တပည့် ကိုရဲလွင်စိုး ရေးသားပူဇော်သည့်စာအား ဖေါ်ပြအပ်ပါသည်။
မိမိနေအိမ် ဘုရားခန်း၌ နိစ္စဓူဝ ဝတ်ကပ်ပူဇော်ရင်း ဘုန်းဘုန်းပုံတော်ကို ဖူးမျှော်နေမိသည်။ ပညာဘူမိတက္ကသိုလ်၏ ပွဲဦးထွက်လက်ရာ ကျမ်းစာအုပ်လေးကိုပါ တစ်ပါတည်း တွဲလျှက်ကြည်ညို ကန်တော့ရပြန်ပါ၏ ။
သို့နှင့်ဤ ကျမ်းစာအုပ်ဖြစ်ပေါ်လာပုံ အဆင့်ဆင့်တို့အတွက် မိမိနှင့်ကျမ်းပြုဆရာတော်များ ရှာဖွေ တိုင်ပင်ခဲ့ကြပုံတွေကိုလည်း ပြန်ပြောင်းတွေးနေမိပါသည်။ ထို့အတူ ဘုန်းဘုန်း၏ပညာဘူမိတက္ကသိုလ်မှ ကျမ်းပြုအကျော်ဆရာတော်များ မွေးထုတ်ပေးနိူင်တော့မည့်ပုံရိပ် အချို့ကိုလည်းကြိုတင်မြင်ယောင်နေမိပါတော့သည်။ ယနေ့ဥပုသ်နေ့ဖြစ်၍ ဒီပါအေးကျောင်းတိုက်တွင် ဆုံနေကျအတိုင်းကျမ်းပြုဆရာတော်များနှင့် တွေဆုံဦး ခိုက်ခွင့်ရခဲ့ပါသည်။ လုပ်ငန်းစဉ်များကိုဆွေးနွေးကြရင်း ကျမ်းပြု(၅)ပါးထဲမှ ပထမဦးစွာပြီးစီးမည့် ရှိမ္မကားဆရာတော် ဒေါက်တာအရှင်သိရိန္ဒ၏ ကျမ်းစာအုပ်အားဝိုင်းဝန်းပြင်ဆင်တည်းဖြတ်ကြသည် ။ စာအုပ်ပုံများကြားတွင် ချွေးတလုံးလုံးနှင့်ပြုံးနေကြသော ၊ စာကိုချစ်သည့်စာသမားစစ်စစ်ဆရာတော်ကြီးများ၏ပုံကို ဘုန်းဘုန်းမြင်လျှင်ဝမ်းမြောက်နေရှာမည်ဟုတွေးမိပါသည် ။ မကြာမီရက်အတွင်း ဘုန်းဘုန်းလက်ဝယ်သို့ဤကျမ်းစာအုပ် အပ်နှံနိူင်တော့ပါမည် ကိုလည်းဘာသာ တွေး၍ပျော်နေမိပါ၏ ။
မူလ ရေးသားတော်မူအပ်သော ဓမ္မာရုံ ဆရာတော်ဘုရားကြီး၏ ဝိသေသဂုဏ်အထူးကို စာအုပ်မျက်နှာဖုံးတွင် တွေ့လိုက်ရသည်။ လွမ်းလောက်စရာ ဂုဏ်တွေပါတကား…….။
ထိုသို့ ရှေးဆရာတော်ကြီးများနည်းတူ ” ပညာဘူမိ တက္ကသိုလ် ” တွင်လည်း လွမ်းလောက်စရာ ကျမ်းပြု အကျော်ဆရာတော် များ ပေါ်ထွက်လာ ပေဦးတော့မည်ဟု …ယုံကြည်နေလျက်ပါလေ…..။
ကိုရဲ
၁၃၈၄ ခု ၊ နတ်တော်လ္ဆန်း (၈)ရက် ၊
ဗုဒ္ဓဟူးနေ့ ၊ (30.11.22)
Credit ဓာတ်ပုံ ကိုမျိုးဆွေ