University of Wisdom Land

News & Events

ဗုဒ္ဓတက္ကသိုလ်များ ၏ ပညာရေး ဦးတည်ချက်

“ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးဦးတည်ချက်” အရည်အချင်း (၅) ရပ် နှင့် ပြည့်စုံသည့် သာသနာပြုပုဂ္ဂိုလ်ကျော်ဖြစ်ရန်မှာ……
(၁) သာသနာပြုစိတ်ဓာတ် ထက်သန်ခြင်း
(၂) ကိုယ်ကျင့်တရားခိုင်မာခြင်း
(၃)ပုဂ္ဂိုလ်ရေးထက် ဓမ္မရေးကို အလေးဂရုပြုခြင်း
(၄) ဗုဒ္ဓဓမ္မ၌ လိမ္မာကျွမ်းကျင်ခြင်း
(၅) ဘာသာစကားကျွမ်းကျင်လိမ္မာခြင်း စသည့် အရည် အချင်းများရှိသော ပုဂ္ဂိုလ်မျိုးကိုဆိုလိုသည်။
ဖေါ်ပြပါ အချက် (၅)ချက်အနက် (၁-၂-၃)ပါ အချက်များကို ဗုဒ္ဓတက္ကသိုလ်များက လေ့ကျင့် သင်ကြား ပေးသင့်သည်။ စွမ်းရည် ခိုင်မာအောင် ပြုပြင် တည်ဆောက် ပေးသင့်သည်။

နံပါတ်(၄) အချက်အတွက် ပိဋကသုံးပုံပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းတို့မှ ကောင်းနိုးရာရာ ရွေးကောက်၍ အနှစ်ချုပ်ကို ပိုင်နိုင်သိရှိအောင် သင်ကြားပို့ချရမည်။ အခြားဘာသာတရားများ အယူအဆအတွေးအခေါ်များနှင့် နှိုင်းယှဉ် လေ့လာစေရမည်။ ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေး ဦးတည်ချက်မှာ အဓိကနံပါတ်(၄)အချက် ဖြစ်သင့်သည်။
နံပါတ်(၄)ကို ဦးစားမပေး၊ နံပါတ်(၅)ကို ဦးစားပေးလျှင် အောင်မြင်နိုင်မည် မဟုတ်။ ဆိုလိုသည်မှာ ဘာသာစကား ကျွမ်းကျင်သော်လည်း ဗုဒ္ဓဓမ္မ မကျွမ်းကျင်လျှင် အရည်အချင်းရှိ သာသနာပြုပုဂ္ဂိုလ် မဖြစ်နိုင်။ မဖြစ်နိုင်ရုံမျှမက ဗုဒ္ဓဓမ္မကို မှားမှားယွင်းယွင်း ယူဆ ဟောပြောမိလျှင် သာသနာပြုမဖြစ်ဘဲ သာသနာဖျက် ဖြစ်သွားနိုင်ပေသည်။ အချို့က ဗုဒ္ဓဓမ္မကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူရခြင်းကိုပင် တကယ့် အဆင့်ကြီးဟု ထင်မြင်၏။ ဗုဒ္ဓဓမ္မကို ပါဠိမူရင်းမှ မိမိတို့ ဘာသာစကားဖြင့်ဖြစ်စေ၊ အခြား ဘာသာစကားတစ်ခုဖြင့်ဖြစ်စေ၊ သင်ယူခြင်း၊ အဋ္ဌကထာ၊ ဋီကာရှင်းလင်းချက်များ ဖြည့်စွက်သင်ယူခြင်း၊ သဒ္ဒါကျမ်းရှုထောင့်မှ သင်ယူခြင်း မျိုးကသာ အဆင့်မီ သင်ယူနည်း ဖြစ်သည်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

(၁၃၇ဝ-ပြည့်နှစ်ထုတ်၊ စစ်ကိုင်းတောင်ရိုး၊ မြစကြာကျောင်းတိုက်၊ (၁၆) နှစ်ပြည့် သာသနာ့ဖန်မီးအိမ်စာစောင်မှ)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ သြဝါဒများသည် လူငယ်ဆိုလည်း လူငယ် အတွက်၊ တက္ကသိုလ် သောတုဇနစာသင်သံဃာများဆိုလည်း စာသင်သံဃာများအတွက်၊ သံဃာထုစည်းလုံးညီညွတ်ရေးဆိုလည်း ညီညွတ်ရေးအတွက်၊ ဗုဒ္ဓတက္ကသိုလ်များ ဖွင့်လှစ်ကြခြင်းအတွက်လည်း ပညာရေးဦးတည်ချက်နှင့် သင်ရိုးညွှန်းတမ်း စသဖြင့် နေရာမျိုးစုံ၊ အကြောင်းအရာမျိုးစုံအတွက် ဩဝါဒမျိုးစုံပေးပုံတို့မှာ ထောင့်စေ့လှသည်။ တစ်နည်းအားဖြင့် ပါမောက္ခချုပ် ဆရာတော်ကြီးသည် နောင်လာမည့် သံဃာမျိုးဆက်သစ် အတွက် အတုယူအားကျဖွယ်ရာ ဉာဏ်ပညာ အမွေပေးဝေနေသည်ဟု ထင်မြင်ယူဆမိ ပါတော့သည် ဟု စာရေး ပူဇော်သူ ဆရာမြသန်းစံ ရေးသားပူဇော်သည့် “ပါမောက္ခချုပ်ဆရာတော် ၏ ဘဝခရီးနှင့်ဓမ္မဆီမီး” စာအုပ်တွင် ဖေါ်ပြထားရှိသည်။
🔹🔹⭐️⭐️🔹🔹

ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးဦးတည်ချက်
ဗုဒ္ဓ၏ အဆုံးအမသည် ယနေ့ကမ္ဘာအတွက် များစွာလိုအပ်သည်။ ကမ္ဘာကြီးသည် ဆက်သွယ်ရေး လမ်းကြောင်းများ ကြောင့် ကျဉ်းမြောင်း လာသလို ရှိ၏။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနီးကပ် တွေ့ရှိကြရသဖြင့် အဆင့်အတန်း ကွာဟမှုသည် ပို၍ သိ လာ၏။ အဆင့်အတန်း မတူညီမှုသည် ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်လာစေ၏။ ယှဉ်ပြိုင်မှုသည် တိုးတက်မှုကို အထောက်အကူပြုသော်လည်း မမျှော်လင့်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေ၏။ လိုချင်မှု တဏှာဆန္ဒကို ကြီးထွားစေ၏။ ကြီးထွားလာသော တဏှာဆန္ဒကို မထိန်းနိုင်သဖြင့် စွဲလမ်းမှုသည် အမြစ်တွယ်လာသည်။ မိမိထက်သာသူကို ရန်လိုမှု=ဣဿာတရား၊ မိမိ၏အခွင့်အရေးမျိုး သူတစ်ပါးမရအောင် တားဆီးလိုမှု=မစ္ဆရိယတရားများ သည် လူ့စိတ်ကို လွှမ်းမိုးလာ၏။ လူသားများသည် ဣဿာမစ္ဆရိယ လွှမ်းမိုးထားသော ဤကမ္ဘာမှာ ပြဿနာမျိုးစုံနှင့် ကြုံတွေ့နေရပြီး ဘေးကင်းရန်ကွာ ငြိမ်းချမ်းသာယာမှုကို ဆုံးရှုံးနေကြရသည်။
ယနေ့ကမ္ဘာမှာ ကြုံတွေ့နေကြရသည့် ပြဿနာမျိုးစုံ၏ အဖြေကို ရှာတွေ့ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဗုဒ္ဓတရားတော်သာ ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓအဆုံးအမတော်သည် ယနေ့ကမ္ဘာအတွက် များစွာလိုအပ်လျက်ရှိသည်။ ယနေ့ ကမ္ဘာအတွက် လိုအပ်ချက်ဖြစ်သည့် ဗုဒ္ဓတရားတော်များ ကမ္ဘာအနှံ့ ဖြန့်ဖြူးနိုင်ရန် သာသနာပြုပုဂ္ဂိုလ်ကျော်များ လိုအပ်သည်။ သာသနာပြု ပုဂ္ဂိုလ်ကျော် ဖြစ်လာစေရန် စနစ်တကျ သင်ကြားပေးဖို့ လိုသည်။ ထိုသို့လေ့ကျင့် သင်ကြားပေးရန် ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်ကြရ၏။ ဗုဒ္ဓတက္ကသိုလ်များသည် ပညာရေးကဏ္ဍကို အဓိက ဦးစားပေး ရေးဆွဲကြရ၏။ ပညာရေးကဏ္ဍကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်မှသာ အရည်အချင်းပြည့် သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွက်နိုင်သည်။
​အရည်အချင်းပြည့်ပုဂ္ဂိုလ်ဆိုသည်မှာ……..
(၁) သာသနာပြုစိတ်ဓာတ် ထက်သန်ခြင်း
(၂) ကိုယ်ကျင့်တရား ခိုင်မာခြင်း
(၃) ပုဂ္ဂိုလ်ရေးထက် ဓမ္မရေးကို အလေးဂရုပြုခြင်း
(၄) ဗုဒ္ဓဓမ္မ၌ လိမ္မာကျွမ်းကျင်ခြင်း
(၅) ဘာသာစကား၌ ကျွမ်းကျင်လိမ္မာခြင်း
စသည် အရည်အချင်းများရှိသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ အဆိုပါ အရည်အချင်းမျိုး ရရှိစေနိုင်သည့် ပညာရေးဦးတည်ချက် ချမှတ်ကျင့်သုံးရမည်။ ဖော်ပြပါ အချက် (၅)ချက်အနက် (၁-၂-၃)ပါ အချက်များကို လေ့ကျင့်သင်ကြားပေးသင့်သည်။ စွမ်းရည် ခိုင်မာအောင် ပြုပြင်တည်ဆောက်ပေးသင့်သည်။
နံပါတ်(၄) အချက်အတွက် ပိဋကသုံးပုံပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းတို့မှ ကောင်းနိုးရာရာ ရွေးကောက်၍ အနှစ်ချုပ်ကို ပိုင်နိုင်သိရှိအောင် သင်ကြားပို့ချရမည်။ အခြား ဘာသာတရားများ အယူအဆ အတွေးအခေါ်များနှင့် နှိုင်းယှဉ်လေ့လာစေရမည်။ ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေး ဦးတည်ချက်မှာ အဓိကနံပါတ်(၄)အချက် ဖြစ်သင့်သည်။
နံပါတ်(၄)ကို ဦးစားမပေး၊ နံပါတ်(၅)ကို ဦးစားပေးလျှင် အောင်မြင်နိုင်မည် မဟုတ်။ ဆိုလိုသည်မှာ ဘာသာစကား ကျွမ်းကျင်သော်လည်း ဗုဒ္ဓဓမ္မ မကျွမ်းကျင်လျှင် အရည်အချင်းရှိ သာသနာပြုပုဂ္ဂိုလ် မဖြစ်နိုင်။ မဖြစ်နိုင်ရုံမျှမက ဗုဒ္ဓဓမ္မကို မှားမှားယွင်းယွင်း ယူဆ ဟောပြောမိလျှင် သာသနာပြုမဖြစ်ဘဲ သာသနာဖျက် ဖြစ်သွားနိုင်ပေသည်။ အချို့က ဗုဒ္ဓဓမ္မကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူရခြင်းကိုပင် တကယ့် အဆင့်ကြီးဟု ထင်မြင်၏။ ဗုဒ္ဓဓမ္မကို ပါဠိမူရင်းမှ မိမိတို့ ဘာသာစကားဖြင့်ဖြစ်စေ၊ အခြား ဘာသာစကားတစ်ခုဖြင့်ဖြစ်စေ၊ သင်ယူခြင်း၊ အဋ္ဌကထာ၊ ဋီကာရှင်းလင်းချက်များ ဖြည့်စွက်သင်ယူခြင်း၊ သဒ္ဒါကျမ်းရှုထောင့်မှ သင်ယူခြင်း မျိုးကသာ အဆင့်မီ သင်ယူနည်း ဖြစ်သည်။
ဗုဒ္ဓဓမ္မနှင့် စပ်လျဉ်း၍ ဘာသာပြန်စာအုပ်များကို များစွာ အားမကိုးသင့်ပေ။ မူရင်းပါဠိတော်ကိုသာ အားကိုးသင့်၏။ ဘာသာပြန်ဆိုရာ၌ ဖြစ်စေ၊ အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ဖြစ်စေ မှားယွင်းမှုမရှိစေရန် သတိပြုရမည် ဖြစ်သည်။ ဘာသာပြန်မှားလျှင် အဓိပ္ပာယ် မှားနိုင်၏။ အဓိပ္ပာယ်မှားလျှင် အသိမှားနိုင်၏။ အသိမှားလျှင် အကျင့်မှားနိုင်၏။ အကျင့်မှားလျှင် သံသရာတစ်လျှောက်လုံး ဒုက္ခရောက်နိုင်၏။
သို့ဖြစ်၍ ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးဦးတည်ချက်မှာ အင်္ဂလိပ်ဘာသာ စကားသင်ကြားရေး မဟုတ်။ ဗုဒ္ဓဓမ္မ သင်ကြားရေးသာ ဖြစ်သည်။ မှန်ကန်သော ဗုဒ္ဓ ဓမ္မကို ဘာသာစကားဖြင့် မှန်ကန်စွာ ဖြန့်ဖြူးရေးသို့ လျှောက်လှမ်းကြပါစို့။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
AshinNandamalabhivamsa

Computer Transcript By Zin Htet

Related News