University of Wisdom Land

News & Events

“ဗုဒ္ဓဘာသာမှန်လျှင် “လူမှုအကျိုးပြု” တစ်မျိုးသာရှိ”

Socially Engaged Buddhism စာတမ်းပြုစုသူ ဒေါက်တာသိရီ သုမင်္ဂလာသာမိ စာတမ်း အတွက် ဆရာတော်ဘုရားကြီး ရေးသား ပေးပို့ခဲ့သည့် အမှာစာ အားဖေါ်ပြအပ်ပါသည်။
အမှာစာတွင် ဆရာတော်ဘုရား ကြီးရေးသားပေးထားသည်မှာ
“ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်း နှင့် ဗုဒ္ဓဘာသာ ရဟန်းဝတ် အဖွဲ့အစည်း နှစ်မျိုးရှိရာ ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်မျိုးလုံး လုပ်နိုင်၏။ လုပ်သင့်,လုပ်ထိုက်၏။
သို့သော်ဗုဒ္ဓဘာသာ ရဟန်းဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို လုပ်ရာ၌ ဓမ္မာနုဂ္ဂဟကို အလေးပေး ပြုလုပ်သင့်သည်၊ ပြုလုပ်ရမည် ဖြစ်ကြောင်း ဗုဒ္ဓအလိုကျ ဓမ္မဝိနယလမ်းကြောင်းကို မတိမ်းအောင် ထိန်းကြောင်း နိုင်ရန် ဒေသေထ ဘိက္ခဝေ ဓမ္မံ- လူမှုဒုက္ခ, ဘဝဒုက္ခကို ဖယ်ရှားနိုင်သည့် နည်းကောင်းလမ်းကောင်း ဓမ္မလမ်းကြောင်းကို သိအောင် ရှင်းပြကြဟု ဗုဒ္ဓမြတ်စွာ မိန့်မှာသည့်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါ ကြောင်းရေးသားပေးပို့ထားရှိသည်။
✅✅✅✅
အမှာစာ
“လူမှုအကျိုးပြု ဗုဒ္ဓဘာသာ (Socially Engaged Buddhism) စာမူကို စိတ်ဝင်တစား ဖတ်ရှုကြည့်ပါသည်၊ ရေးသားပြုစုသူ ဒေါက်တာသိရီသုမင်္ဂလသာမိ၏ အရည်အသွေးနှင့် ရေးသားတင်ပြပုံ စေ့စပ် သေချာလှသဖြင့် ဆွဲဆောင်မှု ကောင်းလှပါသည်၊ ကျွမ်းကျင်လိမ္မာသည့် ပန်းချီဆရာ၏ လက်ရာ ပန်းချီကားချပ်ပမာ ရှုဒေါင့်စုံ မြင်ရပါသည်။
ဗုဒ္ဓဘာသာကို “လူမှုအကျိုးပြု” ဟု အထူးပြု ပြောဆိုရေးသားခြင်းမှာ ဘူတကထန (အမှန်ပြော) ဝိသေသနမျိုးသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာမှန်လျှင် “လူမှုအကျိုးပြု” တစ်မျိုးသာ ရှိသောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာကို တည်ထောင်သူ ဗုဒ္ဓကိုယ်တိုင်က “လူမှုအကျိုးပြုရန်” အတွက်သာ ရည်ရွယ်ချက် ထားရှိခဲ့သည်။ “သန္တာရေဿံ သဒေဝကံ” လူနတ် ဗြဟ္မာ သတ္တဝါဟူသမျှ ကယ်တင်မည်ဟူသော ဆန္ဒသည် မူလပဓာန အကြောင်းတရား ဖြစ်သည်။
သို့ရာတွင် “လူမှုအကျိုးပြု”ပုံမှာ နည်းလမ်းနှစ်သွယ် ရှိ၏၊ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးပြုခြင်း (အာမိသာနုဂ္ဂဟ) နှင့် အကျင့်သိက္ခာဆိုင်ရာ အကျိုးပြုခြင်း (ဓမ္မာနုဂ္ဂဟ) တို့ ဖြစ်သည်၊ ထိုနှစ်မျိုး တွင် အများစုက အာမိသာနုဂ္ဂဟကို မြတ်နိုး တန်ဘိုးထားကြ၏၊ လိုလား နှစ်သက်ကြ၏၊ သို့သော် အာမိသာနုဂ္ဂဟသည် ဓမ္မာနုဂ္ဂဟလောက် အကျိုးသက်ရောက်မှု မရှိပေ။ မြတ်ဗုဒ္ဓ၏ လူမှုအကျိုးပြု အလုပ်သည် ဓမ္မာနုဂ္ဂဟ အဓိကဖြစ်ကြောင်း လွန်စွာ ထင်ရှား၏၊ “ဗုဒ္ဓေါ ဗောဓေယျံ-ငါသည် အမှန်တရား သိသူဖြစ်ပြီး သတ္တဝါ အများကိုလည်း အမှန်တရား သိအောင် ရှင်းပြမည်” ဟူသော ရည်သန်ချက်ကို ထားရှိခဲ့သောကြောင့် ဖြစ်၏။
မြတ်ဗုဒ္ဓကိုယ်တိုင်က ဆွေမျိုးအသိုင်းအဝိုင်း, စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိမ်တို့ကို စွန့်လွှတ်ပြီး တောရပ်ခိုမှီး တစ်ကိုယ်တည်းနေသည့် ရဟန်းဘဝကို ရယူခဲ့၏၊ တစ်ဦးတည်းသော မိမိကိုယ်ကို ဆုံးမ၏၊ ငြိမ်းချမ်းစေ၏၊ ပူလောင်မှု ကင်းစေ၏၊ ဤသို့သော အနေအထားကို ကြည့်၍ ရဟန်းဘဝ (ပဗ္ဗဇ္ဇ) အကျင့်သည် တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်မှတ်ဖွယ် ရှိ၏။ သို့သော် မြတ်ဗုဒ္ဓ၏ ရဟန်းဘဝကို အတုယူအားကျပြီး လိုက်နာကျင့်သုံးခဲ့ကြသည့် ပုဂ္ဂိုလ်များသည် ရာထောင်သောင်း သိန်းမက ရှိပြီး၊ ရှိနေဆဲ ဖြစ်သည်၊ ထိုပုဂ္ဂိုလ်များ သည် ဘဝဒုက္ခမှ လွတ်မြောက်ကြ၏၊ ကျင့်သုံးလျက် ရှိသည့် ထိုပုဂ္ဂိုလ်များသည် စိတ်ချမ်းသာမှု, ကိုယ်ချမ်းသာမှု အပြည့်အဝ ရရှိကြ၏၊ ဤသို့ဆိုသော် ရဟန်းဘဝကို ခံယူသည့်(ပဗ္ဗဇ္ဇ)သည် တစ်ဦးတစ်ယောက်တည်း ကောင်းစားရေး မဟုတ်၊ အများ ကောင်းစားရေးဖြစ်၏၊ ဤအကြောင်းကို သင်္ဂါရဝပုဏ္ဏားအား မြတ်ဗုဒ္ဓကိုယ်တိုင် ရှင်းပြခဲ့ဖူးသည်။ (သင်္ဂါရဝသုတ်ပါဠိ၊ အံ၊ ၁၊ ၁၆၈)။
အာမိသ (ပစ္စည်းဝတ္ထု၊ ကာမဂုဏ်အာရုံ), ဓမ္မ (ကျင့်သုံးလိုက်နာရမည့် သီလ, ဖြစ်ပွားစေ ရမည့် သမာဓိ,ပညာ) နှစ်မျိုးတွင် မြတ်ဗုဒ္ဓသည် ဓမ္မကိုသာ အလေးဂရုပြု၏၊ ဓမ္မကို ဟောကြား ရှင်းပြသည့်အခါ အာမိသနိရပေက္ခ (အာမိသကို မငဲ့မရှုသည့်) စိတ်ဖြင့်သာ ကိုယ်တိုင် ဟောကြား ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်းတော်မူ၏၊ အာမိသကို မျှော်လင့်ပြီး ဟောပြောမှုမှန်သမျှ မစင်ကြယ်သော ဟောပြောမှု (အပရိသုဒ္ဓဓမ္မဒေသနာ)အဖြစ် အပြစ်တင် ကဲ့ရဲ့၏။
ဓမ္မ၌ အလေးဂရုမပြုသူ ဓမ္မကို ဆန့်ကျင်သူများကို စည်းရုံးသိမ်းသွင်းရာ၌ အထင်ကြီး အံ့ဩစေနိုင်သည့် အစွမ်းတန်ခိုး အမျိုးမျိုး (ဣဒ္ဓိပါဋိဟာရိယ)နှင့် တစ်ဖက်သား၏ အကြံအစည်ကို အတပ်ညွှန်းဆိုခြင်း (အာဒေသနာပါဋိဟာရိယ)နည်းဖြင့် စည်းရုံးမှုကို အားမပေးဘဲ “ဘယ်လို တွေးပါ၊ ဘယ်လိုစိတ်ထားပါ” အစရှိသည့် ဆုံးမလမ်းညွှန်မှု, သွန်သင်ပြသမှု (အနုသာသနီပါဋိ ဟာရိယ) မျိုးကိုသာ မြတ်ဗုဒ္ဓက လမ်းညွှန်မှု ပြုခဲ့သည်။
လူမှုအဖွဲ့အစည်းများအတွင်း စည်းလုံး ညီညွတ်မှု၊ အစဉ်ထာဝရ လက်တွဲနိုင်မှု၊ မေတ္တာ စိတ်ဓာတ်ဖြင့် ပေါင်းစပ်နိုင်မှုအတွက် စည်းလုံးရေး နည်းလမ်းလေးသွယ် (သင်္ဂဟဝတ္ထု ၄-ပါး)ကို ဟောကြားရာ၌လည်း ဓမ္မကိုသာ အလေးဂရုပြုကြောင်း ထင်ရှား၏။
(၁) ဒါန- အပြန်အလှန် လက်ဆောင်ပေးခြင်းသည် ကောင်း၏၊ အခြားလက်ဆောင် ပေးခြင်းထက် ဓမ္မလက်ဆောင် ပေးခြင်းက ပိုကောင်းသည်။
(၂) ပေယျဝဇ္ဇ- နားဝင်ချိုသာ စကားပြောခြင်းသည် ကောင်း၏၊ သာမန်စကား ချိုသာစွာ ပြောဆိုခြင်းထက် ဓမ္မနှင့် စပ်သောစကားကို ပြောခြင်းက ပိုကောင်း၏။
(၃) အတ္ထစရိယာ- တစ်ဖက်သား၏ အကျိုးကိစ္စ ဆောင်ရွက်ခြင်းသည် ကောင်း၏၊ အခြား နည်းလမ်းဖြင့် တစ်ဖက်သား၏ အကျိုးကိစ္စ ဆောင်ရွက်ခြင်းထက် သဒ္ဓါမရှိသေးသူကို သဒ္ဓါရှိအောင်, သီလမရှိသေးသူကို သီလရှိအောင်, စာဂမရှိသေးသူကို စာဂရှိအောင်, ပညာမရှိသေးသူကို ပညာရှိအောင် ဆောင်ရွက် ပေးခြင်းက ပိုကောင်း၏။
(၄) သမာနတ္တတာ- အဆင့်တူထား ဆက်ဆံခြင်းသည် ကောင်း၏၊ သာမန်အဆင့်တူထား ဆက်ဆံခြင်းထက် ဓမ္မအသိပညာအရာ အဆင့်တူထားနိုင်အောင် ဆက်ဆံခြင်းက ပိုကောင်း၏။ (ဗလသုတ်၊ အံ ၊ ၃၊ ၁၇၄)
လောက၌ ရုပ်ဝတ္ထုကို အကြောင်းပြု၍ ရအပ်သောသုခနှင့် ဓမ္မကို အကြောင်းပြု၍ ရအပ်သော သုခသည် များစွာ ကွာခြား၏၊ ရုပ်ဝတ္ထုကို အကြောင်းပြု၍ ရအပ်သော သုခသည် တစ်ခဏမျှသာ ဖြစ်ပြီး ဓမ္မကို အကြောင်းပြု၍ ရအပ်သော သုခသည် ထာဝရ ဖြစ်၏။
ဆင်းရဲမွဲတေနေသော ပုဂ္ဂိုလ်အား ပစ္စည်းဥစ္စာ ကူညီထောက်ပံ့ပေးပြီး ဆင်းရဲမွဲတေခြင်းမှ လွတ်မြောက် အောင် ဆောင်ရွက်ခြင်းသည် ကောင်း၏၊ ကိုယ့်အစွမ်းအစဖြင့် ရပ်တည်နိုင်အောင် အသိပညာ, အတတ်ပညာ သင်ပေးပြီး ဆင်းရဲမွဲတေခြင်းမှ လွတ်မြောက်စေခြင်းက ပိုကောင်း၏။
မကျန်းမာသူတို့အတွက် ဆေးရုံဆေးခန်း တည်ထောင် ဖွင့်လှစ်ပေးခြင်း, ဆေးကုသပေးခြင်း သည် ကောင်း၏၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏( Prevention is better than cure) ဆိုသည့် အတိုင်း ကျန်းမာအောင် နေထိုင်စားသောက်နည်း သင်ကြားပေးမှု, ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်မှု, ကျန်းမာရေး စစ်ဆေးပေးမှုသည် ပိုကောင်း၏။ နောက်ဆုံး ရောဂါကျွမ်း၍ မျှော်လင့်ချက် မရှိတော့သည့်သူကို ဓမ္မအသိဖြင့် နှစ်သိမ့်အားပေးစကား ပြောဆို ပေးမှုသည် အလွန်ကောင်း၏။
အချုပ်အားဖြင့် ဆိုရသော် ဗုဒ္ဓကို ယုံကြည်၍ ဗုဒ္ဓ၏ အဆုံးအမအောက်တွင် ငြိမ်းချမ်းစွာ အတူနေထိုင် ကြသည့် ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်(Laity) နှင့် ဗုဒ္ဓဘာသာ ရဟန်းဝတ် အဖွဲ့အစည်း (Clergy) ဟု နှစ်မျိုးရှိရာ ဗုဒ္ဓဘာသာ လူဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို အာမိသာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ နှစ်မျိုးလုံး လုပ်နိုင်၏။ လုပ်သင့်,လုပ်ထိုက်၏။
သို့သော် ဗုဒ္ဓဘာသာ ရဟန်းဝတ်အဖွဲ့အစည်းသည် လူမှုအကျိုးပြု အလုပ်ကို လုပ်ရာ၌ ဓမ္မာနုဂ္ဂဟကို အလေးပေး ပြုလုပ်သင့်သည်၊ ပြုလုပ်ရမည် ဖြစ်သည်၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- လူမှုဒုက္ခ, ဘဝဒုက္ခကို ဖယ်ရှားနိုင်သည့် နည်းကောင်းလမ်းကောင်း ဓမ္မလမ်းကြောင်းကို သိအောင် ရှင်းပြကြဟု မိန့်မှာသည့်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်၊ သို့မှသာ ဗုဒ္ဓအလိုကျ ဓမ္မဝိနယလမ်းကြောင်းကို မတိမ်းအောင် ထိန်းကြောင်း နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
“ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ၊ Well-Practiced Dhamma brings happiness.”
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

Related News