University of Wisdom Land

News & Events

ပညာဘူမိတက္ကသိုလ် အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ဖွဲ့စည်း တာဝန်အပ်နှင်းခြင်း အခမ်းအနားတွင် တက္ကသိုလ် သဘာပတိ ဆရာတော်ကြီးဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မိန့်ကြားတော်မူခဲ့သည့် ဩဝါဒကထာတရား

ပညာဘူမိတက္ကသိုလ် အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့
ဖွဲ့စည်း တာဝန်အပ်နှင်းခြင်း အခမ်းအနားတွင် တက္ကသိုလ် သဘာပတိ ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မိန့်ကြားတော်မူခဲ့သည့် ဩဝါဒကထာတရား

၀၃/၁၂/၂၀၂၂
💠 ပညာဘူမိတက္ကသိုလ် ဦးစီးတည်ထောင်သည့် မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး က ပညာဘူမိတက္ကသိုလ်ကြီး၏ အကြီးအကဲ
တက္ကသိုလ်သဘာပတိ (Chancellor) အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး မိန့်ကြားခဲ့သည့် ဩဝါဒ
💠 ပညာဘူမိတက္ကသိုလ် မြန်မာလိုခေါ်တဲ့အခါကျတော့ ပညာဘူမိတက္ကသိုလ်၊ ပါဠိဘာသာနဲ့ သုံးရင် ပညာဘူမိ ဝိသိဋ္ဌမဟာဝိဇ္ဇာလယ ဘာဖြစ်လို့ ဒီဟာကို သုံးရသလဲဆိုရင် တက္ကသီလ ဆိုတဲ့ နာမည်က မြို့ရဲ့ နာမည် ဖြစ်တယ်။ ဗမာ လို တက္ကသိုလ်လို့ ခေါ်ပေမယ်လို့ တက္ကသီလ ဆိုတာ မြို့နာမည်ဖြစ်နေတယ်။ ဒါကြောင့် တခြားနိုင်ငံတွေမှာ တက္ကသိုလ်လို့ခေါ်တဲ့ စကားက ဝိစွမဟာဝိထျာလယ အိန္ဒိယနိုင်ငံမှာဆိုရင် ဝိစွဆိုတာ ဝိသုကမ္မကလာတဲ့ ဝိစွသဗ္ဗဆိုတဲ့ အဓိပ္ပာယ် ရတယ်။ ဝိစွမဟာဝိထျာလယ အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ကို အဲ့လိုသုံးတယ်။ ဒီမှာကျတော့ ဝိစွရဲ့အဓိပ္ပာယ်က ပညာရပ်အားလုံးလို့ ဆိုလိုတယ်။
💠 ဒီတက္ကသိုလ် ကတော့ ပညာရပ်အားလုံး ဆိုတာထက် မြတ်စွာဘုရားဟောတဲ့ အဓိက ပါဠိဘာသာနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို ဦးတည်ထားတာဖြစ်သောကြောင့် ဝိသ၊ ဝိစွ ဆိုတဲ့ ဝိဿ ဆိုတဲ့စကားလုံးကို မသုံးတော့ဘဲနဲ့ ဝိသိဋ္ဌ အထူးပြုတဲ့အတတ်ပညာများရဲ့ တည်ရာလို့၊ ပါဠိဘာသာနဲ့ ရေးသားတဲ့အခါမှာ ပညာဘူမိ ဝိသိဋ္ဌမဟာဝိဇ္ဇာလယ ဒါပါဠိဘာသာနဲ့ခေါ်တဲ့အခါခေါ်ဖို့ အင်္ဂလိပ်ဘာသာ နဲ့ သုံးတဲ့အခါ ကျတော့ ပညာကို အင်္ဂလိပ်လို Wisdom‌ လို့သုံးတယ် ဘူမိကတော့ Land ပညာရဲ့တည်‌ရာ ဒါကြောင့် မို့လို့ University Of Wisdom Land ဒီနာမည်ကို သုံးတယ်။
💠 ဒီ နာမည်က ဒီတက္ကသိုလ်ကို ရည်ညွှန်းတဲ့ စကားလုံးတွေ မြန်မာလိုသုံးလို့ရှိရင် ပညာဘူမိတက္ကသိုလ်၊ ပါဠိလို သုံးမယ်ဆိုရင် ပညာဘူမိဝိသိဋ္ဌ မဟာဝိဇ္ဇာလယ၊ အင်္ဂလိပ်ဘာသာနဲ့သုံးလို့ရှိရင် University OfWisdom Land ဒါ ပုံမှန် သုံးရမယ့် အသုံးပေါ့။
💠 ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီတက္ကသိုလ်ကို စတင်တာတုန်းဆိုတော့ တက္ကသိုလ်ရဲ့ ရည်ရွယ်ချက် က မြန်မာနိုင်ငံမှာ ထွန်းကားပြီးသားဖြစ်တဲ့ တက္ကသိုလ်ပညာရပ်များ အဓိက က မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်း၍ လိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောက၊ ဓမ္မရေးရာနှစ်ဖြာတို့၌ ကောင်းကျိုးချမ်းသာ ရရှိစေရန် ရည်သန်တယ်။
မြတ်ဗုဒ္ဓ၏တရားတော်များသည် (Mind Centered Teaching) လို့ဆိုတဲ့ စိတ်ကို ဗဟိုပြုပြီး ဆုံးမဩဝါဒပေးတဲ့ ဒေသနာများဖြစ်လို့ မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုး အားလုံးဟာ လွယ်ကူတတ်မြောက်ကြစေရန် မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်များကို လွယ်ကူသိရှိကြစေရန်။ မြတ်ဗုဒ္ဓ၏ မူရင်းတရားတော်များနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဝေးကွာနေကြတဲ့ မျက်မှောက်ခေတ် မြန်မာလူမျိုးများအတွက် ဤတက္ကသိုလ်မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို သင်ကြားပို့ချသွားရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ပြီးတော့ ဒီတက္ကသိုလ် ကို ဖွင့်လှစ်တာ ဖြစ်တယ်။
💠 တက္ကသိုလ်လုပ်ငန်းကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ ဌာနကြီး(၅)ရပ် ဖွဲ့စည်း တည်ထောင်ပြီး တော့မှ တက္ကသိုလ်လုပ်ငန်းတွေလုပ်ဖို့အတွက် နံပါတ်(၁)က အနုဂ္ဂဟဌာန- အနုဂ္ဂဟဆိုတာ အင်္ဂလိပ်လို Provision လို့ခေါ်တယ်။ Provision ဆိုတာ အထောက်အကူပြုတဲ့ အဓိပ္ပါယ် ပါဠိဘာသာလည်း ဒီတိုင်းပါပဲ အနုဂ္ဂဟဆိုတာ အထောက်အကူပြုတာ အထောက်အကူပြုတဲ့ဌာန တစ်ခုက ဒီတက္ကသိုလ်ကို လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အထောက်အကူမရှိရင် မဖြစ်နိုင်ဘူး။
💠 ဒါကြောင့် အထောက်အကူဖြစ်ဖို့ရာအတွက် အနုဂ္ဂဟဌာန ဆိုတာကို နံပါတ်(၁) နေရာမှာ ထားပြီးတော့ ဖွဲ့စည်းတာ၊ ပညာဘူမိတက္ကသိုလ်ရဲ့..
🔸 ဘဏ္ဍာရေး၊
🔸 စီမံခန့်ခွဲရေး၊
🔸 ဆောက်လုပ်ရေးနဲ့
🔸 ပြုပြင်ထိန်းသိမ်းရေးတို့ကို အနုဂ္ဂဟဌာနက တာဝန်ယူပြီး ဆောင်ရွက်သွားမှာပါ။
ဒါကလည်း အထောက်အကူပြုတဲ့ နေရာမှာ ပညာဖွံ့ဖြိုးဖို့အတွက် ဒီ အထောက် အကူတွေမပါရင် မရနိုင်ဘူး။ ဒါကြောင့်မို့ အနုဂ္ဂဟဌာန ဆိုတာ တခြားနေရာတွေမှာ ဘယ်လိုသုံးတုန်းဆိုရင် အုပ်ချုပ်ရေး၊ အဲ့ဒီ အုပ်ချုပ်ရေးဆိုတာကြီးကို မသုံးချင်လို့ပေါ့။ ပညာရေးနဲ့အုပ်ချုပ်ရေးက တွဲနေတာ ထေရဝါဒ တက္ကသိုလ်တို့မှာကျတော့ အုပ်ချုပ်ရေးနှင့် စီမံအုပ်ချုပ်ရေး ဆိုပြီးတော့ သုံးလေ့ရှိတယ် Administration (Admin) လို့ခေါ်တာပေါ့။ အဲ့ဒီအစား ဒီမှာတော့ အထောက်အကူပြုတဲ့ အဖွဲ့အနေနဲ့ ဒီစကားလုံးကို သုံးတာ၊ အထောက်အကူဖြစ်စေရမယ်။
💠 နောက်တစ်ခုကတော့ တက္ကသိုလ်တစ်ခုမှာ မရှိမဖြစ်တာ စာကြည့်တိုက်ပဲဖြစ်တယ်၊ ပညာရပ်တွေကို ဆည်းပူးတဲ့အခါမှာ စာကြည့်တိုက်က အင်မတန်မှ အရေးကြီးလို့ စာကြည့်တိုက်ဌာနဆိုပြီး သီးသန့်ဖွင့်တာ။ အဲ့ဒီစာကြည့်တိုက်က ‌ရှေးဟောင်းစာပေ ပုရပိုက်တွေတို့၊ ရှေးဟောင်းမှတ်တမ်း မှတ်ရာတွေတို့၊ ရှေးဟောင်းစာအုပ်တွေကစ ခေတ်ပေါ်စာအုပ်တွေအထိ စုဆောင်းရှာဖွေပြုပြင်ထိန်းသိမ်းဖို့အတွက် စာကြည့်တိုက်ဌာနဆိုတာ မလွဲမသွေ တက္ကသိုလ်ရဲ့အသက်လို့ ပြောလို့ရတယ်။ ပညာရပ်တွေ ဆက်လက်လေ့လာဖို့အတွက် စာကြည့်တိုက်ဌာနသည် အရေးကြီးတာဖြစ်လို့ ဒုတိယ စာကြည့်တိုက်ဌာန အနေနဲ့ဖွဲ့တယ်။
💠 နောက် တတိယ စာအုပ်ထုတ်ဝေရေးဌာန- စာအုပ်ထုတ်ဝေရေးဌာန ဆိုတာ အဟောင်းတွေပဲစုလို့ မဖြစ်သေးဘူး။ အသစ်တွေလည်း ပေါ်ထွန်းအောင်ကြိုးစား အားထုတ်ရမယ်။ ဒါကြောင့်မို့ ဒီစာအုပ်ထုတ်ဝေရေးဌာနက အဟောင်းစု၊ အသစ်ပြု ဆိုတဲ့ဆောင်ပုဒ်အတိုင်းပဲ ရှေးဟောင်း စာအုပ်တွေကိုလည်း စုဆောင်းပြီးတော့ အသစ်ပြန်ဖော်ထုတ်ရမယ်။ နောက် အသစ်တွေလည်းပဲ လိုအပ်တာတွေကို ရေးသားသွားဖို့ Compilation Department ဒါဟာလည်းပဲ တိုးတက်ဖို့ရာအတွက် အရေးကြီးတဲ့ အထောက်အကူဖြစ်ဖို့ရာအတွက် စာအုပ်ထုတ်ဝေရေးဌာနဆိုတာ ရှိရမယ်။
💠 နောက်တစ်ခုကတော့ တက္ကသိုလ်လုပ်ငန်းမှာဆိုင်ရာ ပုံနှိပ်ဖြန့်ဝေရေး ကိစ္စတွေကို စာအုပ်ထုတ်ဝေရေးဌာန က လုပ်မယ်၊ နောက်တခါ ကျမ်းပြုဌာန အဲ့တာလည်း Compilation Department ပဲ ကျမ်းပြုတယ် ဆိုတာ စာအုပ်အဟောင်းများကို တည်းဖြတ်ပြီးတော့ ထုတ်ဝေတာ လည်း ကျမ်းပြုတာပဲ။ ရှားပါးနေတဲ့ ပေ၊ ပုရပိုက်တွေ ကနေ ကူးယူတည်းဖြတ်ပြီးတော့ စာအုပ်ထုတ်ဝေတာတို့ ဒီ ကျမ်းပြုဌာနက လုပ်ရမယ်။ ပါဠိ ပိဋကတ်ကို အထောက်အကူပြုတဲ့ ကျမ်းစာတွေ ‌ရေးသားဖို့ဆိုတာတွေ အများကြီး လိုအပ်နေသေးတယ်ပေါ့။
🔸 ပိဋကတ်စာအုပ်ကို ချဉ်းကပ်တဲ့အခါ အလွယ်တကူနည်းနဲ့ ချဉ်းကပ်လို့ရအောင် လက်ရှိ ပါဠိတော် အုပ်ရေ(၄၀)၊ အဋ္ဌကထာ(၅၂)အုပ်၊ ဋီကာ(၂၆)အုပ် အဲ့ဒီထဲက လိုအပ်တဲ့ အချက်ကလေးတွေကို အသစ်ထပ်မံ ပြုလုပ်ဖို့ ခေတ်မှီတဲ့နည်းတွေနဲ့ဆိုရင်တော့ Alphabetical Order လို့ခေါ်တဲ့ အက္ခရာစဉ်နဲ့ လုပ်တယ်။
နမူနာအဖြစ်နဲ့ စာအုပ်တစ်အုပ် ထပ်ပေးထားမှာဖြစ်တယ်။ ပိဋကတ်ထဲမှာ ထုတ်နုတ်ပြီးတော့ လေ့လာစရာတွေ အများကြီးရှိတယ်။ ဥပမာ တစ်ခုဆိုပါစို့ လက္ခဏာဒိစတုက္က၊ တရားတစ်ပုဒ်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် အဲ့ဒီ ရှုထောင့်(၄)ခု ကနေပြီးတော့ တရားတစ်ခုကို ဘယ်လိုနားလည်ရမလဲ ဆိုတာ တရားကို နားလည်အောင် ရှုထောင့် (၄)ချက်ကနေ ဖော်ထုတ်တယ်။ အဋ္ဌကထာ၊ ဋီကာတွေထဲမှာ နေရာအနှံအပြားမှာ ရှိတယ်။ အဲ့ဒီနေရာအနှံအပြားကို လိုက်ပြီးတော့ ရှာကြည့်နေမယ်ဆိုရင် အချိန်ကုန်နေမှာ အဲ့ဒါကြောင့် ပိဋကတ်ထဲမှာပါတဲ့ တရားဓမ္မတွေရဲ့ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဆိုတဲ့ ရှု့ထောင့်(၄)ခုကနေ လေ့လာသုံးသပ်တဲ့ဟာကို ဒီ ပိဋကတ် စာအုပ်တွေထဲမှာ ရှာဖွေထုတ်ပြီးတော့ Alphabetical Order နဲ့ နမူနာပြောမယ် ဆိုရင် ဓမ္မူပပရိက္ခာ ဆိုတာ ဓမ္မကို စူးစမ်းလေ့လာခြင်းဆိုတာ အလွယ်တကူဖတ်ရှုလို့ ရသွားတယ်။ ပိဋကတ်စာအုပ် တစ်အုပ်ထဲက မဟုတ်ဘူး အုပ်ပေါင်းများစွာထဲက ရှာထုတ်တာ အဲ့ဒါမျိုးတွေလည်း လုပ်ဖို့အများကြီး ရှိသေးတယ်။ အဲ့ဒါတွေ လုပ်ဖို့အတွက် ကျမ်းပြုဌာနရဲ့ လုပ်ငန်းတွေက အများကြီးပဲ။
🔸 နောက်တစ်ခု နမူနာတစ်ခု အနေနဲ့ စကားလုံး တစ်လုံးဟာ အနက်ပေါင်း များစွာဟောနိုင်တယ်။ ဒါကို အနေကတ္ထ လို့ခေါ်တယ် အနေကတ္ထ (သို့မဟုတ်) အတ္ထုဒ္ဓါရ အနက်တွေ များစွာဟောနိုင်တဲ့ အနက်တွေ အကုန်စုပြီးတော့ ဖော်ပြတယ်။ အတ္ထုဒ္ဓါရ နဲ့ အဓိပ္ပေတတ္ထ (၂)ခုရှိတဲ့ အထဲမှာ အတ္ထုဒ္ဓါရ ဆိုတာလည်းပဲ တော်တော်များများ အဋ္ဌကထာ၊ ဋီကာ ထဲမှာရှိတယ်။ ဥပမာ- အန္တရဃရေ ဂမိဿာမီတိ သိက္ခာကရဏီယာ၊ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာကရဏီယာ ဆိုတဲ့ သေခိယ ထဲမှာ ပါတဲ့ အန္တရဃရေ ဆိုတာဟာ (၂)ခုရှိတယ်။ အန္တရဃရေ ဆိုတာ ရွာအတွင်းကိုလည်း အန္တရဃရေ လို့ ခေါ်တာရှိတယ်။ အိမ်အတွင်းကျမှ အန္တရဃရေ လို့ ခေါ်တာရှိတယ်။ အဲ့ဒါ အတ္ထုဒ္ဓါရ- သူ့နေရာဘယ်နေရာမှာ အန္တရဃရ၊ ဘယ်နေရာကျတော့ ဘယ်ဟာကို အန္တရဃရ လို့အဓိပ္ပါယ်(၂)ခု ဖော်‌ဆောင်တာ‌တွေ အဲ့ဒါ အဋ္ဌကထာ ဋီကာ တွေထဲမှာရှိတယ်။ အဲ့ဒါမျိုး တွေကိုစုဆောင်းရှာဖွေ ဖော်ထုတ်ဖို့ လိုအပ်တယ်။ အဲ့ဒါမျိုးတွေလည်း အဋ္ဌကထာ ဋီကာတွေ ထဲမှာ ဒီတိုင်းရှိနေတုန်းပဲ။ ကြည့်တဲ့ပုဂ္ဂိုလ်ပဲ တွေ့တယ် မကြည့်တဲ့ပုဂ္ဂိုလ်တွေ မတွေ့ဘူး စာအုပ်စုံမှ တွေ့နိုင်တယ်။ အဲ့ဒါကို အခုနမူနာကျတော့ အနေကတ္ထ သင်္ဂဟ ဆိုတာ အတ္ထုဒ္ဓါရ သင်္ဂဟ အနက်တွေ ထုတ်ပြထားတာတွေ အကုန်လုံးစုဆောင်းပြီးတော့ Alphabetical Order နဲ့ရေးထားတာ ၊အဲ့ဒါမျိုးတွေကို ကျမ်းပြုဌာနက လုပ်ကိုင်ဖို့ဆိုတော့ကျ ကျမ်းပြုဌာနက ရှိနေရမယ်။
💠 ပညာရေးဌာန ဆိုတာကျတော့ အခုလို စာမေးပွဲကျင်းပတာတွေ ပညာရေးတိုးတက်အောင် ပညာသင်ကြား‌‌ရေး၊ ဟောပြောရေး၊ လေ့လာလိုက်စားရေးတို့လည်းပါတယ်။ အဓိက ကတော့ ဒီတက္ကသိုလ်မှာ စာမေးပွဲကျင်းပ ပေးပြီးတော့ ရံဖန်ရံခါ သင်တန်း ဖွင့်လှစ်တာတို့၊ စာမေးပွဲကျင်းပတာတို့ အဲ့ဒီအလုပ်တွေ လုပ်ဖို့ ဖြစ်တယ်။ တက္ကသိုလ်ဖွဲ့စည်းတာဟာ အနုဂ္ဂဟဌာန၊ စာကြည့်တိုက်ဌာန၊ စာအုပ်ထုတ်ဝေရေးဌာန၊ ကျမ်းပြုဌာန၊ ပညာရေးဌာနလို့ ဒီ(၅)ရပ် ဖွဲ့စည်းပြီးတော့ အသီးသီး ဒီတက္ကသိုလ်ရဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားကြဖို့ဆိုပြီးတော့ တက္ကသိုလ်ဖွင့်တာ၊ ကြိုတင်ပြီးတော့ ပြင်ဆင်နေတာ ၂၀၂၀-ပြည့်နှစ်၊ ဒီဇင်ဘာလ တည်းက စပြီးတော့ ကြိုတင်ပြင်ဆင်ထားတာ ၂၀၂၂-ခုနှစ်၊ ဒီဇင်လာလ (၃) ရက်နေ့မှာ စတင်လည်ပတ်ဖို့အတွက် တာဝန် အသီးသီးအပ်နှင်း ပြီးတော့ ကိုယ်ကျရာ တာဝန်ကို ဆောင်ရွက်ဖို့ဆိုတဲ့ လုပ်ငန်းကတော့ ဒီအချိန်က စဖို့ပဲ။
💠 ဒီတက္ကသိုလ် စတင် လုပ်ရမှာက (၂၀)ပြည့်နှစ်က စထားတာ ဖြစ်သော်လည်းပဲ (၂၀)ပြည့်နှစ်ကလည်း နှစ်ကုန်သွားတယ်။ (၂၁)နှစ်က လုံးဝ နှစ်ကျော်သွားပြီးတော့၊ အခု (၂၂)နှစ် နှစ်ကုန်ခါနီးမှဆိုတော့ (၂)နှစ်လောက် ကြန့်ကြာ သွားပြီးတော့ အခုမှ လုပ်ငန်းစတင်ဖို့ ပြင်ဆင်နိုင်တယ်။ ဒါက အခုတာဝန်အပ်နှင်းတဲ့ ပုဂ္ဂိုလ်တွေကို ဒီစာအုပ်တွေ အပါးစေ့ (ရဟန်းတိုင်းကို) လှူဒါန်းထားမှာဖြစ်လို့ စာအုပ်တွေကို ဖတ်ရှုပြီးလေ့လာထား ကြဖို့ပေါ့နော်။
💠 တက္ကသိုလ်ဖွဲ့စည်းတည်ထောင်ပြီးတော့ ကျရာတာဝန်တွေကို လုပ်ငန်းတွေ လုပ်ဖို့နဲ့ ပြီးတော့ ဒီတက္ကသိုလ်မှာအပ်နှင်းမယ့်ဘွဲ့တွေက လွယ်လွယ်ကူကူနဲ့ အပေါစား အပ်နှင်းတာ မဟုတ်ဘဲနဲ့ ပိဋကတ်စာပေထဲမှာ ပါဠိဘာသာနဲ့ အဆင့်တန်း မြင့်မြင့်ရေးထားတဲ့ ကျမ်းစာတွေ အများကြီးရှိတယ်။ ပုဂံခေတ်က စပြီး ရေးထားတာရှိတယ်။ အဲ့ဒီစာအုပ်တွေက မတည်းဖြတ်ဘဲနဲ့ ရှိနေတယ်။ ဗမာပြည်မှာ ကြာလို့ရှိရင် ဒီစာအုပ်တွေ ပျောက်ကွယ်သွားတော့မှာ အဲ့ဒါကြောင့်မို့ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပါဠိပညာရှင် ဆရာတော်ကြီးတွေရှိတယ်။ အဲ့ဒီ ဆရာတော်တွေကို ပိဋကတ်စာပေကို ဆဋ္ဌမူ စနစ်အတိုင်းပဲ အောက်ခြေ မှတ်ချက်တွေပါရမယ်၊ ပါဠိနိဒါန်းပါရမယ်၊ ပြီးရင် Alphabetical Order နဲ့ သံဝဏ္ဏေတဗ္ဗ ပဓာနအနုက္ကမဏိကာ တို့၊ လက္ခိတဗ္ဗ ပဓာနအနုက္ကမဏိကာ တို့ နောက်ကနေ ခေတ်မှီတဲ့နည်းစနစ်တွေနဲ့ ထည့်သွင်းထားပြီးတော့ ဖတ်လို့ရှု့လို့လွယ်မယ့် စနစ်မျိုးနဲ့ ကျမ်းရေးသား ပြီးတော့ တင်သွင်းနိုင်မယ် ဆိုလိုရှိရင် ပါဠိသတ္ထဝိဘာဝီ ဆိုတဲ့ ပါဠိပညာရှင်ဆိုတဲ့ ဘွဲ့ထူးကို ဆက်ကပ်ပြီးတော့ အင်္ဂလိပ်လို ကျတော့ (Doctor of Literature, D.Litt) လို့ခေါ်တာပေါ့။ ရန်ကုန်တက္ကသိုလ် က လယ်တီ ဆရာတော်ကြီး ရေးတဲ့ ဒီပနီကျမ်းတွေကို အကြောင်းပြုပြီးတော့ (D.Litt)ဆိုတဲ့ ဘွဲ့ လယ်တီ ဆရာတော်ကြီးကို ကပ်ဖူးတယ်။ အခုဒီမှာ (D.Litt) ဆိုတာ ပိဋကတ်စာပေ ပါဠိလိုရေးထားတဲ့ ကျမ်းဂန်တွေကို တည်းဖြတ်ပြီးတော့ ထုတ်ဝေနိုင်တဲ့၊ တည်းဖြတ်နိုင်တဲ့၊ ကျမ်းပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပါဠိစာတတ် ဆရာတော်တွေကို (D.Litt)ဘွဲ့ကပ်ဖို့ သူရေးတဲ့ စာအုပ်ပေါ်မှာကြည့်ပြီးတော့ လုပ်တဲ့ဟာ ဖြစ်တယ်။
💠 နောက်တစ်ခုကတော့ သုတဓမ္မဝိဘာဝီ မိမိသင်ယူထားတဲ့ တရားဓမ္မတွေနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်လိမ္မာတဲ့ ပညာရှင်ဆိုတဲ့ အဓိပ္ပါယ် အဲ့ဒါကတော့ သုတေသန ကျမ်းစာတစ်ခု ရေးသားပြီးတော့ တင်သွင်းမယ် ဆိုရင် Doctor of Philosophy (Ph.D) ဘွဲ့ပေးတယ်။ ဒေါက်တာဘွဲ့ (၂)ဘွဲ့ ဒီတက္ကသိုလ်မှာ ရှိမယ်။
🔸Master ဘွဲ့ကျတော့ သုတဓမ္မဝေဒီ ဒါနဲ့ပတ်သတ်ပြီး အသိပညာရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ အဲ့ဒါလည်း ခေါင်းစီးတစ်ခု ပေးပြီးတော့ ကျမ်းဖြစ်အောင်ရေးနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် Master ဘွဲ့နဲ့ Level တူ သုတဓမ္မဝေဒီ။
🔸 B.A ဘွဲ့အတွက် အခြေခံကျတော့ သုတဓမ္မဂဝေသီ သူကတော့ ရှာမှီးတဲ့ အဆင့်ပဲ ရှိသေးတယ် ပညာရှင်အဆင့်မရောက်သေးလို့ ဂဝေသီလို့ နာမည်ပေးထားတာ(၁)ဘွဲ့ အားလုံးပေါင်း တော့ (၄)ဘွဲ့ပေါ့။
အဲ့ဒီ (၄)ဘွဲ့ရဲ့ အခြေခံတစ်ခုကတော့ သုတဓမ္မဒီပလိုမာဆိုတာ အဲ့ဒါတော့ အခြေခံတွေကို သင်ကြားတာပေါ့။
💠 အကျဉ်းချုပ်အားဖြင့် ဒီတက္ကသိုလ်ကြီးကို ဌာန(၅)ခုနဲ့ ဖွဲ့စည်းသတ်မှတ်ပြီးတော့ ဒီဌာန (၅)ခုမှာ ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ဖို့ ဒီကနေ့ဟာ ဖွဲ့စည်းပြီးတော့ တာဝန်အသီးသီးအပ်နှံမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှစပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၊(၃)ရက် ကနေစတင်ပြီးတော့
တက္ကသိုလ်ကို လုပ်ငန်းစတင်လည်ပတ်တယ်လို့ မှတ်တမ်းတင် ထားပြီး ဒီနေ့စတင် ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါသည်။


စာစီကုသိုလ်ပြုသူအား သာဓုခေါ်ဆို အသိမှတ်ပြု ခရက်ဒစ်ပေးပါ၏

Related News